PR စနစ်ကျင့်သုံးရေးအဆို လွှတ်တော်မှာ စတင်ငြင်းခုံဆွေးနွေး
2014.07.25

လာမယ့်ရွေးကောက်ပွဲတွေမှာ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးပြီး တိုင်းဒေသကြီးတွေ မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ အဆိုကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ကန့်ကွက်ဆွေးနွေးပြီး ၅ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက အခုလို ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
"ကျမအနေနဲ့ အလေးအနက်တင်ပြလိုတာက ကိုယ့်ရဲ့မဲဆန္ဒနယ် ဒေသခံပြည်သူအများစုရဲ့ ယုံကြည်မှု ထောက်ခံမှုမရှိလို့ ရှုံးသွားတဲ့မဲများ တနည်းအားဖြင့်ပြောရင် ဒေသခံပြည်သူအများစုက လက်မခံတဲ့ကိုယ်စားလှယ်သည် ရှုံးသွားတဲ့မဲများကို တစ်နိုင်ငံလုံးမှာစု၊ ရှုံးမဲများကို ကောက်သင်းကောက်ပြီး နိုင်ငံကိုဦးဆောင်မယ့်အပိုင်းမှာ ဝင်ထိုင်ခွင့်ပေးတဲ့ ဒီစနစ်ဟာဆိုရင် ပြည်သူကန့်ကွက်ပါရဲ့နဲ့ မျက်နှာပြောင် တိုက်ပြီး ခေါင်းဆောင်များနေရာ ဝင်ထိုင်သူအဖြစ်နဲ့ ပြည်သူများက ကျမတို့ ကိုယ်စားလှယ်များကို ဝေဖန်ကြ မှာဖြစ်ပါတယ်၊ ကျမတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း ကျမတို့ပြည်သူတွေက ရွေးချယ်ခွင့် မရပါဘူး၊ တရားစီရင်ရေးမဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန္ဒမပါပါဘူး၊ အခုတခါ ဥပဒေပြုရေးမှာပါ ဒီစနစ်ကြောင့် ပြည်သူ့ကိုယ်စားလှယ်များကို တိုက်ရိုက်မဲပေးခွင့် တိုက်ရိုက်ရွေးချယ်ခွင့် မရှိတော့ဘူးဆိုရင် ကျမတို့နိုင်ငံဟာ ဘာနိုင်ငံဖြစ်နေပြီလဲဆိုတာ ကမ္ဘာမှာချပြဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်"
ရှမ်း၊ ရခိုင်၊ ကရင်၊ မွန် စတဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ် အတော်များများကလည်း PR စနစ်ဆွေးနွေးမှာကို ကန့်ကွက်တဲ့အနေနဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မနေ့ကနဲ့ ဒီနေ့တွေမှာ မတက်ရောက်ကြပါဘူး။
လာမယ့်ရွေးကောက်ပွဲတွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို တိုင်းဒေသကြီးတွေမှာ PR စနစ်နဲ့ ကျင့်သုံးရွေးချယ်ဖို့အဆိုကို မနေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်က ဒီကနေ့ PR စနစ်ဆိုင်ရာ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲတွေမှာ PR လို့ခေါ်တဲ့ အချိူးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး ကြိုးပမ်းနေတာတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်လှုပ်ရှားနေသူတချို့ရဲ့အမြင်နဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သူ မသင်းသီရိက စုစည်းတင်ဆက်ထားတာ နားဆင်နိုင်ပါတယ်။