ဦးဝီရသူဘေးကင်းရေး တက်ကြွလှုပ်ရှားသူတွေ ဆုတောင်း


2019.06.10
pray-for-wirathu-622.jpg ဆရာတော် ဦးဝီရသူ ဘေးကင်းရေး လမ်းလျှောက်ဆုတောင်းနေသူတွေကို ရန်ကုန်မြို့ ဆူးလေဘုရားနားမှာ ၂၀၁၉၊ ဇွန် ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူအပေါ် တရားစွဲဆိုထားတွေ လွတ်မြောက်ရေးနဲ့ ဘေးကင်းရေး အတွက် ရာနဲ့ချီတဲ့ သံဃာတော်တွေ၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ဗဟန်းမြို့နယ်က ကြေးသွန်းဘုရားကနေ ဆူးလေစေတီကို ဒီနေ့ စုပေါင်း လမ်းလျှောက်ပြီး ဆုတောင်းခဲ့ကြပါတယ်။

ဦးဆောင်တဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့ မျိုးချစ်ရဟန်းတော်များသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အရှင်တေဇဝန္တက… ဒီနေ့ပြုလုပ်တဲ့ လှုပ်ရှားမှုဟာ ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ မေတ္တာပို့ဆုတောင်းတာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို မိန့်ကြားခဲ့ပါတယ်။

အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေဟာ ဒီနေ့ စီတန်းလှည့်လည်မှုကို ကြိုတင်ခွင့်ပြုချက် မတင်ဘဲ ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က လာရောက်တားဆီးတာတွေ ရှိပြီး  ဖမ်းဆီးအရေးယူတာတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် လမ်းလျှောက်ဆန္ဒပြပွဲအပြီးမှာတော့ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့မှာ အစိုးရနုတ်ထွက်ပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြမှုကြောင့် ဖမ်းဝရမ်းထုတ်ခံရတဲ့ ဦးပညာဝံသကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဦးပညာဝံသကို ဗဟန်းမြို့နယ်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပြီးနောက် လူဝတ်လဲပြီး အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ အမျိုးသားရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုနောင်တော်လေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး RFA က တိုင်းသံဃာ့နာယကအဖွဲ့နဲ့ မြို့နယ်ရဲစခန်းကို သွားရောက် မေးမြန်းရာမှာတော့… ဒီအမှုနဲ့ပတ်သက်လို့ ဖြေဆိုပေးမယ့်သူ မရှိကြောင်းသာ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခနှင့် ကိုထက်အာကာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။