နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတွေ ရန်ကုန်မှာ ပြန်စ
2011.06.05

မြို့နယ်တချို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၄ဝ ကျော် လောက်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။ ဒီပွဲကို ထောက်လှမ်းရေးတွေက စောင့်ကြည့်ပြီး ဓာတ်ပုံရိုက် မှတ်တမ်းယူကြတယ်လို့ သိရပါတယ်။
ဆုတောင်းပွဲကို ဦးဆောင်သူတဦး ဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ခင်ဝင်းခိုင်က RFA ကို အခုလိုပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် အမြန်ဆုံး လွတ်မြောက်ပါစေဆိုပြီး တနင်္ဂနွေနေ့တိုင်း ကျမတို့ ဘုရားတွေ အကုန်လုံး လှည့်ပြီး သွားတာ။ ဒီတပတ် သမိုင်း ကျိုက်ဝိုင်းဘုရားမှာ။ လူ ၄၄ ယောက် ဆုတောင်းပွဲ လုပ်ခဲ့ပါတယ်။ ထောက်လှမ်းရေးတွေကလည်း စိတ်ဝင်စားတယ်။ တော်တော်များများပဲ ၃ဝ လောက် ရှိတယ်။ ဝိုင်းပြီးတော့ ဓာတ်ပုံရိုက်တယ်။ ပြီးတော့ တအုပ်ကြီးပဲ သမိုင်းလမ်းဆုံအထိ နောက်က လိုက်လာတယ်”
ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူတွေကတော့ ဒဂုံ-တောင်၊ ဒဂုံ-မြောက်၊ မရမ်းကုန်း၊ သံလျင်၊ မြောက်ဥက္ကလာ၊ တွံတေးမြို့နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။ သူတို့အားလုံးဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့တဲ့ လှုပ်ရှားမှုမှာလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။