စစ်ပွဲ ၃ နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲ ကျင်းပ
2014.06.09

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့နယ် နောင် နန်းခရစ်ယာန် ကျမ်းစာသင်ကျောင်းမှာ ဒေသ ခံ ခြောက်ထောင်လောက်က ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဒီနေ့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးလမာယော်က ဆုတောင်းပွဲအကြောင်း အခုလို ပြောပါတယ်။
"စစ်ဘေးရှောင် ဒုက္ခရောက်ရတာ ၃ နှစ်ပြည့် အထိမ်းအမှတ်ပေါ့၊ ကျနော်တို့က ဘာသားရေးကဏ္ဍနဲ့ လုပ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ခံစားနေရတဲ့ စစ်ဘေးရှောင်ဒုက္ခအမျိုးမျိုးထဲက ဘုရားသခင်က ကျနော်တို့ကို ကယ်နုတ်မယ်၊ ဆောင်မပေးမယ်ဆိုတဲ့ ရည်ရွယ်ချက် မျှော်လင့်ချက်ရှိကြတယ်၊ အဲဒါကြောင့် ကျနော်တို့ ခံစားနေရတဲ့ဟာကို ဘုရားသခင်ဆီ တိုင်တည်ပြီးမှ အထူးဆုတောင်းတဲ့ အစီအစဉ်ဖြစ်တယ်၊ ဘုရားရှင်ထံ တိုင်တည်ပြီးမှ တန်းတူအခွင့်အရေး တိုင်းရင်းသားညီတူမျှတူ အခွင့်အရေး နောက်နိုင်ငံတော် အကြီးအကဲများလည်း ကျနော်တို့ ဒေသခံတိုင်းရင်းသားတွေ ဘာလိုလားနေလဲ ဆိုတာကို သိအောင်ဖော် ညွှန်းခြင်းလည်းဖြစ်တယ်၊ ဆုတောင်းတာလည်းဖြစ်တယ်"
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အသင်းဝင်တွေဟာ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က KBC ရုံးချုပ်ရှေ့ကနေ စီတာပူရပ်ကွက် မနောကွင်းရှေ့အထိ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခဲ့ကြပြီး အဲ့ဒီမှတဆင့် ဆုတောင်းပွဲပြုလုပ်တဲ့ မြစ်ကြီးနားမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ နောင်နန်းကျမ်းစာသင်ကျောင်းခန်းမကို သွားရောက်ခဲ့ကြပါတယ်။
အလားတူပဲ ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာလည်း ကဗျာဆရာ ၅၀ လောက်က ငြိမ်းချမ်းရေး ကဗျာတွေ ရွတ်ဖတ်ခဲ့ကြပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ သာမိုင်ခမ်း ငြိမ်းချမ်းရေးကဗျာကို ရွတ်ဆိုခဲ့တဲ့ ကဗျာဆရာ သစ္စာနီက အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ကဗျာ ဆိုတာ ဆက်စပ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ကဗျာဆရာတွေက ငြိမ်းချမ်းရေး မြတ်နိုးတဲ့သူတွေ၊ ဒီလိုအခြေအနေမျိုးမှာ ရာသီဥတုက ဆိုးရွားတယ်၊ ကလေးတွေ ကျောင်းမနေရဘူး၊ စားဝတ်နေရေးတို့ ကျန်းမာရေးစောင့်ရှောက်မှုတို့ မပေးနိုင်ဘူး၊ တကယ့် ဒုက္ခသည်စခန်းဆိုတဲ့ နာမည်နဲ့ ဒုက္ခတွေ စုပုံနေတဲ့နေရာ၊ အဲဒါကို ကျနော်တို့က မကြည့်ရက်ဘူး၊ မကြည့်ရက်တဲ့အတွက် တတပ်တအားပေါ့ ဝင်ပြီးတော့ ငြိမ်းချမ်းရေးရအောင် လှုံ့ဆော်တာပါ"
ဒါ့အပြင် အင်းလျားကန်ဘောင်မှာ ကချင်စစ်ပြေးဒုက္ခသည် ၂၅၀ လောက် ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေး ပန်းချီကားတွေကိုလည်း ပြသခဲ့ပါတယ်။