မအူပင်မှာ ရဲတပ်ဖွဲ့က ရိုက်နှက်စစ်ဆေးလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံး

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပစ္စည်းပျောက် မသင်္ကာမှုနဲ့ ရဲတပ်ဖွဲ့က ရိုက်နှက်စစ်ဆေးတဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး နိုဝင်ဘာလ ၁၁ ရက် မနေ့က သေဆုံးသွားပါတယ်။
မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဒု-ဦးစီးမှူးနေအိမ်မှာ အလုပ်လုပ်နေတဲ့ နေ့စားစည်ပင်ဝန်ထမ်း တစ်ဦးနဲ့ ဇနီးဖြစ်သူတို့ နှစ်ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်စစ်ဆေးရာကနေ ဇနီးဖြစ်သူ မတင်မော်လင်း သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မအူပင်ဒေသခံတွေက ပြောပါတယ်။ မတင်မော်လင်း ဟာ သေဆုံးချိန်မှာ ကိုယ်ဝန်နှစ်လရှိပြီလို့လည်း သိရပါတယ်။
ဒု-ဦးစီးမှူးရဲ့နေအိမ်က ရွှေထည်နဲ့ ငွေကြေးတချို့ ပျောက်ဆုံးသွားမှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်မှာ မတင်မော်လင်းတို့ လင်မယားနှစ်ဦးကို တစ်ယောက်တစ်နေရာခွဲပြီး ရိုက်နှက်စစ်ဆေးရာကနေ လက်လွန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ RFA က ရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာတော့ မတင်မော်လင်းရဲ့ ရုပ်အလောင်းမှာ ဦးခေါင်းကနေ ခြေအထိ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံး ညိုမည်း၊ ပေါက်ပြဲနေတဲ့ ဒဏ်ရာတွေကို တွေ့ရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၂ ရက်မှာတော့ မတင်မော်လင်းကို သဂြိုဟ်လိုက်ပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူကတော့ အဖမ်းခံထားရတုန်းပဲလို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မအူပင်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်း အတည်ပြုနိုင်ဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။