ဦးဝီရသူကို တရားစွဲဖို့ သာသနာရေး စီစဉ်နေ
2019.05.08

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး တရားဟောပြောချက်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို တရားစွဲဆိုဖို့ အမှုတည်ဆောက်နေတယ်လို့ ပြည်တွင်းသတင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်။
၂၉ ရက်နေ့ မြိတ်မြို့မှာပြုလုပ်တဲ့ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေနဲ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ထောက်ခံဆန္ဒပြပွဲ ပြောဆိုဟောပြောမှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုနိုင်အောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ မီဒီယာတချို့မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး သာသနာရေး ဝန်ကြီးဌာနကို RFA က ဆက်သွယ်ရာမှာ ဝန်ကြီးဌာနအနေနဲ့ သတင်းထုတ်ပြန်သွားမယ်လို့ သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
သာသနာရေး ဝန်ကြီးဌာနက တရားစွဲဆိုဖို့စီစဉ်နေတဲ့အပေါ် ဆရာတော် ဦးဝီရသူထံ RFA က ဆက်သွယ်ချိန်မှာ ဆရာတော်ရဲ့ တပည့်သာ ဖုန်းကိုင်ပြီး မေးမြန်းသိရှိလိုပါက မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်းကို လာရောက် မေးမြန်းနိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။
မြိတ်မြို့ ဟောပြောပွဲအပြီး သုံးရက်အကြာ မေလ ၃ ရက်မှာလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ဒေသမှာ တရားပွဲပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဖူးခက်ဒေသရောက် မြန်မာလုပ်သားတွေနဲ့ ထိုင်းအာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် ဟောပြောပွဲ မကျင်းပဖြစ်ခဲ့ပါဘူး။
မေ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဆန္ဒပြပွဲမှာတော့ ဦးဝီရသူ ဟောပြောနေစဉ် ကန့်ကွက်ခဲ့သူတချို့ရှိခဲ့ပြီး အဲဒီထဲက နှစ်ဦးဟာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံထားရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။