လိပ်ကျွန်းလူသတ်မှု မျှတပွင့်လင်း မှုရှိရေး ထိုင်းဝန်ကြီးချုပ်ကို သမ္မတဦးသိန်းစိန် တိုက်တွန်း
2014.10.10

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိသျှ ကမ္ဘာလှည့်ခရီးသွား စုံတွဲ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံထား ရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို စုံစမ်းဖော်ထုတ်ရာမှာ ပွင့်လင်းမှု၊ တရားမျှတမှုရှိရှိဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းလိုက်တယ် လို့ နေပြည်တော် သမ္မတရုံးက RFA ကို ဒီကနေ့ ပြော ပါတယ်။
ဒီကိစ္စဟာ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်နေတဲ့အတွက် အလေးထားဆောင်ရွက်ဖို့ သမ္မတဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ မနေ့ညနေပိုင်းက နေပြည်တော် သမ္မတအိမ်တော် မှာ တွေ့ဆုံရာမှာ အခုလိုတိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
"သမ္မတကြီးကပြောတယ်၊ မြန်မာလုပ်သား ၂ ဦး အမှုနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ထိုင်းနိုင်ငံ မှာ နေထိုင်လုပ်ကိုင်တဲ့အခါမှာ ထိုင်းနိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာဖို့လိုတယ်၊ အလားတူပဲ ထိုင်းဥပဒေနဲ့အညီ သူတို့ကို ကာကွယ်ပေးဖို့လိုတယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက ထိုင်းဝန်ကြီးချုပ်ကို မေတ္တာရပ်ခံတယ်၊ နောက်တစ်ချက် သမ္မတကြီးပြောတာက မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေသာမကဘူး၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ ဒါတွေအားလုံးက စိတ်ဝင်တစား မျက်ခြေမပြတ်စောင့်ကြည့်နေတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန် မျှမျှတတဆောင်ရွက်ပေးဖို့ လိုတယ်၊ ဒီကိစ္စက နှစ်နိုင်ငံဆက်ဆံရေးနဲ့လည်း ဆက်စပ်အကျုံးဝင်နေတယ်၊ ပြစ်မှုကျူးလွန်တာ မှန်ကန်ရင်တော့ ဥပဒေနဲ့အညီ အရေးယူခံရမယ်၊ သို့သော်လည်းပဲ ပြစ်မှုကို စုံစမ်းစစ်ဆေးဖော်ထုတ်တဲ့အခါမှာ တရားမျှတမှု ရှိရှိ ဆောင်ရွက်ပေးဖို့ သမ္မတကြီးကပြောတယ်"
ထိုင်းဝန်ကြီးချုပ်ကလည်း ဒီလူသတ်မှုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးကို တရားခံတွေလို့ တိတိကျကျ မသတ်မှတ်နိုင်သေးကြောင်း၊ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် ဒီကိစ္စကို တရားမျှတမှုရှိရှိ ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ကတိပြု ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကုန်သွယ်ရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်အလုပ်သမားတွေရဲ့ အခွင့်အရေးကိစ္စရပ်တွေကိုလည်း နှစ်နိုင် ငံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။