သမ္မတ ဦးဝင်းမြင့် တိုင်ကြားစာ ၃၁ စောင် လက်ခံရရှိ
2018.11.04

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဟာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်မှာ မနေ့က ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲလာပေးစဉ် ပြည်သူတွေ ပေးပို့တဲ့ တိုင်ကြားစာ ၃၁ စောင် ကို လက်ခံခဲ့တယ်လို့ သိရပါတယ်။
သမ္မတ မဲလာပေးချိန်မှာ တိုင်ကြားစာတွေပေးဖို့ စောင့်ဆိုင်းနေသူတွေ ရှိတယ်ဆိုတာကြောင့် သမ္မတရုံး လုံခြုံရေး အဖွဲ့နဲ့ မြို့နယ်ထွေအုပ်တို့ပေါင်းပြီး တိုင်ကြားစာတွေ စိစစ် လက်ခံခဲ့တာလို့ တာမွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေး က RFA ကို ပြောပါတယ်။
တိုင်ကြားရာမှာ အိတ်ဖွင့်ပေးတာတွေရှိသလို အိတ်ပိတ်ပြီး ပေးတာလည်းရှိတဲ့အတွက် အကြောင်းအရာ အသေးစိတ်ကို မသိရကြောင်း၊ အကြမ်းဖျင်းအနေနဲ့ မြေကိစ္စတွေ၊ အိမ်ကိစ္စတွေနဲ့ပတ်သက်တဲ့ တိုင်စာတွေ ပါဝင်ကြောင်းလည်း ဦးအောင်ကျော်အေး က ပြောပါတယ်။
တိုင်ကြားစာတွေကို သမ္မတရုံး လုံခြုံရေးအဖွဲ့ကတစ်ဆင့် သမ္မတရဲ့ ကိုယ်ရေးအရာရှိဆီ ပေးအပ်ခဲ့ပြီး သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဆီ ဆက်လက်တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တိုင်ကြားစာတွေဟာ တာမွေမြို့နယ်အတွင်းက အများစုဖြစ်ပြီး ရန်ကုန်မြို့တွင်း အခြားမြို့နယ်တွေအပြင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တွေက ပေးပို့တဲ့ တိုင်ကြားစာတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။