ရေနစ်မြုပ်ဧက ၆ဝဝဝ ကျော်အတွက် စိုက်ပျိုးစားရိတ်ချေးငွေပယ်ဖျက်ဖို့ သမ္မတထံတင်ပြ
2016.08.19

ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ပျက်စီးသွားခဲ့တဲ့ စပါးစိုက် ဧက ခြောက်ထောင်ကျော်အတွက် စိုက်ပျိုးစားရိတ်ချေးငွေတေွကို ပယ်ဖျက်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ တင်ပြလိုက်တယ်လို့ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။
ဒီနေ့ နိုင်ငံတော်သမ္မတက ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ဒေသခံ လယ်သမားတွေရဲ့ ကိုယ်စား တင်ပြပေးခဲ့တာဖြစ်တယ်လို့ ဦးမျိုးညွန့် က ပြောပါတယ်။
"တောင်သူတွေက မနှစ်ကလည်း အဲ့လိုပဲရေကြီးတဲ့အတွက် သူတို့မှာအားလုံး စိုက်ပျိုးစားရိတ်တွေ ပြန်ဆပ်ဖို့ကို အခက်အခဲတွေဖြစ်သွားတယ်၊ ဒီနှစ်လည်းထပ်ပြီးတော့ စိုက်ပျိုးစားရိတ်ချေးငွေနဲ့ ပတ်သက်ပြီးတော့ လယ်တွေ အကုန်လုံး ဆုံးရှုံးသွားပြီတော့ ဧက ၆ဝဝဝ လောက် နစ်မြုပ်သွားတဲ့ တောင်သူတွေရဲ့ အကြွေးကိုလျှော်ပေးဖို့ ကျနော်တောင်းဆိုလိုက်ပါတယ်၊ ကျနော်တို့ဒီမှာရှိတဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ တာဝန်ရှိတဲ့လူတွေကနေ စာရင်းဇယား အချက်အလက်တွေ အတိအကျနဲ့ ပြန်တင်ပေးပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့အတူ ညှိနှိုင်းပြီးတော့ ဒီအဖြေကိုပြန်ပြီးတော့ စီစဉ်ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်"
ပြီးခဲ့တဲ့လတွေက ရေကြီးခဲ့တာကြောင့် ရေကြည်မြို့နယ်က စိုက်ခင်းဧက လေးသောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး အဲ့ဒီထဲက ဧကခြောက်ထောင်ကျော် ပျက်စီးသွားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒေသခံတွေအနေနဲ့ နှစ်စဉ် ငဝန်ရေကာတာ ကျိုးပေါက်မှာကို စိုးရိမ်နေရတဲ့အတွက် မြစ်ကြောင်း ထိန်းသိမ်းရေးဆောင်ရွက်ဖို့နဲ့ တာတမံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့အတွက်လည်း သမ္မတထံ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က တရုတ်နိုင်ငံက ချေးငွေနဲ့ ငဝန်ရေကာတာ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆောင်ရွက် ခဲ့ပေမယ့် ချေးငွေမရတာကြောင့် မဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆည်မြောင်းဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေက နိုင်ငံတော်သမ္မတကို တင်ပြခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်၊ သာပေါင်း၊ ငါးသိုင်းချောင်းနဲ့ ကျုံပျော်မြို့တွေကို သွားရောက်ပြီး ရေဘေးသင့်ဒေသခံတွေကို ဆန်၊ ဆီနဲ့ ဆေးဝါးတွေ သွားရောက်ထောက်ပံ့ခဲ့ တာဖြစ်ပါတယ်။
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့က ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ကိုယ့်အစိုးရဖြစ်တဲ့အတွက် လိုအပ်ချက်တွေကို မကြောက်မရွံ့တင်ပြကြဖို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။
ဦးမျိုးညွန့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။