တပ်နဲ့ပြည်သူ တစ်သားတည်းဖြစ် ဖို့ နိုင်ငံတော်သမ္မတပြော
2016.04.12

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပေါင်းသင်းဆက်ဆံရေးမှာ တပ်ရယ် အရပ်ရယ် ဆိုတဲ့ အသုံးအနှုန်းကြောင့် မဟာတံတိုင်းကြီးလို ခြားနားမှု မဖြစ်စေချင်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့ ပြောလိုက်ပါတယ်။
နေပြည်တော်က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲ အကြိုနေ့မှာ နှစ်သစ်ဆုတောင်း စကားပြောကြားစဉ် ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။
"မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး တပ်ရယ် အရပ်ရယ် ဆိုတဲ့ အသုံးနှုန်းကြောင့် ပေါင်းသင်း ဆက်ဆံရေး မဟာတံတိုင်းကြီးလို ခြားနေတာမျိုး မဖြစ်စေချင်ဘူး၊ တကယ့်ရင်းရင်းနှီးနှီးခင်ခင်မင်မင် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံကြစေချင်ပါတယ်၊ အထူးသဖြင့် မသိတဲ့လူနဲ့ ပိုပြီးစကားပြောနိုင်အောင် ကြိုးစားကြပါ၊ မပြောနိုင်တာလည်း အပြစ်မတင်ပါဘူး၊ အားလုံးကဆွေ မျိုးသားချင်းလိုပါပဲ၊ အဲ့တော့ အများအကျိုးဆောင်ရွက်တဲ့ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ၊ အမှန်တရားဘက်က ရပ်တည်နိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေ၊ မင်းဘေးအန္တရာယ်က ကင်းဝေးကြပါစေ၊ မင်းပြစ်မင်းဒဏ်က ကင်းဝေးကြပါစေ"
အရင်က သမ္မတအိမ်တော်မှာ သြင်္ကန်ပွဲတော်ကို နှစ်ရက် ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာ စရိတ်စကသက်သာ ဖို့ ခြိုးခြံချွေတာဖို့အတွက် တစ်ရက်ပဲကျင်းပတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တော်လှန်ရေးလုပ်ဆောင်စဉ်မှာ တပ်မတော်က ပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ကို အကာအကွယ်ပေးခဲ့သလို အရပ်ဘက်ကလည်း ရှိရာလက်နက်စွဲပြီး တပ်မတော် သားတွေအတွက် အသက်စွန့်လွှတ်ခဲ့ကြကြောင်း အဲဒီအခြေအနေတွေကို ပြန်တွေးပြီး တစ်ယောက်နဲ့ တစ်ယောက်ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဆက်ဆံကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲ့ဒီလို ဆက်ဆံမယ်ဆိုရင် အစစအရာရာ ပိုပြီးအဆင်ပြေလာမှာဖြစ်ပြီး နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်ရာမှာလည်း ပိုပြီးအရှိန်အဟုန်ရှိလာမယ်လို့ ပြောကြားခဲ့ပါတယ်။
သမ္မတအိမ်တော်သြင်္ကန်ကို ဒုတိယသမ္မတ ၂ဦး၊ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်း၊ ဦးဝင်းထိန် တို့ တက်ရောက်ခဲ့ကြပြီး အနုပညာရှင်တွေက ဖျော်ဖြေခဲ့ကြပါတယ်။