တွေ့ဆုံညှိနှိုင်းခြင်းသာ အကောင်းဆုံး နည်းလမ်းဟု သမ္မတ ဦးသိန်းစိန် ပြော
2013.02.13

အဲဒီလိုတွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ ညီအစ်ကိုများအချင်းချင်း ယခုလို ပြန်လည်တွေ့ဆုံရတဲ့အတွက် ဝမ်းသာရကြောင်းနဲ့ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုတွေဟာ အမိုးအကာ တစ်ခုတည်းအောက် အတူနေထိုင်ကြသူတွေ ဖြစ်တဲ့အတွက် ပေါ်ပေါက်လာသည့် ပဋိပက္ခတွေကို ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာထောက်ထားခြင်း၊ အပြန်အလှန်လေးစားခြင်းတွေနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းညှိနှိုင်းခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
တဆက်တည်းမှာပဲ သမ္မတဦးသိန်းစိန်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် နှစ်ဦးနှစ်ဖက်စစ်သည်တွေ သေဆုံးခဲ့ရပြီး၊ ကျန်ရှိခဲ့တဲ့ ဇနီး၊ သားသမီး၊ ဆွေမျိုးတွေ သောကပွါးခဲ့ရသလို ဒေသခံပြည်သူတွေလည်း ဒုက္ခဆင်းရဲရောက်ခဲ့ရကြောင်း၊ ယခုအခါမှာတော့ ညှိနှိုင်းဖြေရှင်းခြင်းကရရှိလာတဲ့ ငြိမ်းချမ်းရေးအကျိုးဆက်ကို ပြည်သူတွေ စတင်ခံစားနေကြရပြီဖြစ်ကြောင်းစသဖြင့် ပြောဆိုသွားပါတယ်။
မနေ့ကတွေ့ဆုံပွဲကို ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ပဒိုမန်းငြိမ်းမောင်နဲ့ ပဒိုစောသမိန်ထွန်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဗိုလ်မှူးကြီး စိုင်းလှနဲ့ ဗိုလ်မှူးကြီး စိုင်းငေး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဦးစိုင်းခွန်စိုင်းနဲ့ ဦးစိုင်းနော်လိတ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) က ဗိုလ်ချုပ်စောရင်နုနဲ့ ဗိုလ်ကြီး စောလားဒို၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ဦးခွန်တိဆောင်နဲ့ ဦးခွန်ဇွဲထို၊ မွန်ပြည်သစ်ပါတီ (NMSP) က ဦးနိုင်တလညီနဲ့ ဦးနိုင်ကြည်ဆန်း၊ ချင်းအမျိုးသားတပ်ဦး (CNF) က ဒေါက်တာရွှေခါရ်းနှင့် ဦးပူးထန်ဇဲန်၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) က ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီး စောမောင်လေး၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (K) က ဦးအန်ကန်းနဲ့ ဗိုလ်ကြီးအောင်စိုင်းတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။