သမ္မတက ဆန္ဒရှိရင် NLD နဲ့ လက်တွဲလုပ်နိုင်တယ်
2014.10.23

အထွေထွေ ရွေးကောက်ပွဲ ပြီးစီးသွားတဲ့နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စု ကြံ့ုခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ ပူးပေါင်း လက်တွဲပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆိုတာ မဖြစ်နိုင်စရာမရှိဘူးလို့ ပြည်ထောင်စု ကြံ့ုခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး က ပြောကြား လိုက်ပါတယ်။
အခုလ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ RFA က တွေ့ဆုံမေးမြန်းခဲ့တုန်း မှာ ပြင်ပလောကမှာ ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီးမေးမြန်းလို့ ဦးဌေးဦးက အဲ့ဒီလိုပြော ခဲ့တာပါ။
မြန်မာနိုင်ငံမှာ သမ္မတ ဦးဆောင်တဲ့ စနစ် ရှိနေတာမို့ သမ္မတဖြစ်သူက သူနဲ့အဆင်ပြေမယ့် အစိုးရအဖွဲ့ ဖွဲ့စည်းမှာဖြစ်ကြောင်း၊ သမ္မတရဲ့ စိတ်ဆန္ဒအပေါ် မူတည်တာမို့ နှစ်ပါတီလက်တွဲ လုပ်ကိုင်ဖို့ ဖြစ်နိုင်ကြောင်း ပြောသွားပါတယ်။
NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့အနေနဲ့ ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းတဲ့အခါမှာ ဦးဌေးဦးက
"သူလည်း ကိုယ့်တိုင်းပြည်အတွက်ကို ကောင်းအောင်လုပ်မယ်လို့ ကျနော်မြင်ပါတယ်၊ သို့သော်လည်းပဲ လုပ်နည်းလုပ်ဟန်တွေနဲ့ ပတ်သက်လို့တော့ တူတာတွေလည်းရှိတယ်၊ မတူတာတွေလည်းရှိတယ်၊ ကျနော်တို့ သဘောကျနိုင်တာတွေလည်းရှိတယ်၊ မကျနိုင်တာတွေလည်းရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူလည်း စေတနာထားပြီးလုပ်မယ်လို့ပဲ ကျနော်မြင်ပါတယ်"
အဲ့ဒီ မေးမြန်းခန်းမှာ ဦးဌေးဦးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အခြေခံတွေ ရရှိနေပြီဖြစ်ကြောင်း၊ မီဒီယာလွတ်လပ်ခွင့်နဲ့ တခြားလွတ်လပ်ခွင့်တွေ ပေါ်ထွက်နေပြီ ဖြစ်လို့ တိုးတက်နေတယ်လို့ ဆိုနိုင်ကြောင်းလည်း ပြောသွားပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ သမ္မတ တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ချက် ရှိမရှိ မေးမြန်းရာမှာ ဦးဌေးဦးက လက်ရှိ အချိန်အထိ ရည်မှန်းခြင်းမရှိပါဘူးလို့ ဖြေကြားပါတယ်။
ဦးဌေးဦးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက မေးမြန်းချက်အပြည့်အစုံကို နားဆင်နိုင်ပါတယ်။