လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ချက် သမ္မတ လက်မှတ်ထိုး
2016.04.29

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ချက်တစ်ရပ်ကို သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးပြီး ပြင်ဆင်မယ့် ဥပဒေကြမ်း သုံး ခုကို ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားပြီလို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ကြေညာပါတယ်။
ဒီဥပဒေပြင်ဆင်ချက်ဟာ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာတွေကို လွှတ်တော် ပထမနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ခေါ်ယူကျင်းပခြင်းမလုပ်ဖို့နဲ့ ကြားနှစ်တွေဖြစ်တဲ့ ဒုတိယနှစ်၊ တတိယနှစ်နဲ့ စတုတ္ထနှစ်တွေမှာသာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်ထားတယ်လို့ ဥပဒေမူကြမ်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
အရင်လွှတ်တော်နဲ့ အစိုးရလက်ထက်မှာ ၂ဝ၁၂ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး လစ်လပ်နေရာတွေအတွက် နောက်ထပ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာ မရှိခဲ့ပါဘူး။
ဒါဟာဆိုရင် အဲ့ဒီ လွှတ်တော်ရွေးကောက်ပွဲဥပဒေကို လေးကြိမ်မြောက် ပြင်ဆင်တာဖြစ်ပါတယ်။