သမ္မတ ဦးသိန်းစိန် လက်ထက် အကျင့်ပျက် ဝန်ထမ်း တစ်သောင်းကျော်ကို အရေးယူခဲ့
2013.02.07
၂ဝ၁၁ ခုနှစ် ဧပြီလကနေ ၂ဝ၁၂ခုနှစ် ဒီဇင်ဘာလအထိ ရဲအရာရှိတွေ အများဆုံးပါဝင်တဲ့ အစိုးရဝန်ထမ်းပေါင်း တစ်သောင်း ခြောက်ထောင် ကိုးရာ ငါးဆယ့်နှစ်ယောက် ကို အရေးယူအပြစ်ပေးခဲ့တယ်လို့ ဒီသီတင်းပတ်အတွင်း အစိုးရက လွှတ်တော်ကို တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ပါဝင်ကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။
သန့်ရှင်းတဲ့ အစိုးရကောင်းတစ်ရပ်အတွက် လိုအပ်ချက်နဲ့အညီ ဝန်ကြီးတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အစီရင်ခံစာအရ အရေးယူခံရတဲ့ ဝန်ထမ်းတွေထဲမှာ ထောင်ဒဏ်ချမှတ်ခံရသူပေါင်း (၃၈ဝ)၊ ရာထူးက ထုတ်ပယ်ခံရသူပေါင်း (၄၉ဝဝ)ကျော်၊ အလွဲသုံးငွေ ပြန်ပေးဖို့ အမိန့်ချခံရသူ (၈ဝ) ရှိပြီး၊ အရေးယူခံရသူ ရဲဝန်ထမ်း (၆၈၉)ယောက်ရှိတယ်လို့ သိရပါတယ်။
ဒါ့ပြင် ရာထူးချခံရသူ၊ သတိပေးစာ ထုတ်ပြန်ခံရသူတွေရှိကြောင်းလည်း ဖေါ်ပြထားပေမဲ့ ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက် အသေးစိတ်တွေကိုတော့ ဖေါ်ပြမထားဘူးလို့ AFP က ဆိုပါတယ်။