ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို သမ္မတက မငြင်းပယ်ကြောင်း ပြောကြား


2013.12.03
utheinsein-305.jpg သမ္မတ ဦးသိန်းစိန်ပုံ
photo: President Office Website

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကမ်းလှမ်းချက်ကို နိုင်ငံတော်သမ္မတ က ငြင်းပယ်မှုမရှိကြောင်း သမ္မတရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား ပါတယ်။

အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် အပေါ်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီရဲ့ အစီရင်ခံစာကို စောင့်ဆိုင်းပြီးမှ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ယူဆကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

“ကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီးရင် သူတို့တောင်းဆိုတဲ့ လေးယောက်တင်မဟုတ်ဘူး၊ လွှတ်တော်ထဲမှာ မရှိသေးတဲ့ နောက်ထပ်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေ၊ အခုငြိမ်းချမ်းရေး ဆွေးနွေးနေ တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ သဘောထားကို နားထောင်ရမယ်၊ ဒါတွေအားလုံး နားထောင်ပြီးတော့မှ ကျနော်တို့ လိုအပ်တယ်ထင်လို့ရှိရင် တွေ့ဆုံဆွေးနွေးတာမျိုး လုပ်သင့်တယ်လို့ ကျနော်ကပြောတာပါ၊ တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့ ငြင်းပယ်တာ မဟုတ်ပါဘူး”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၃ ရက်နေ့က မေတ္တာရပ်ခံစာပေးပို့ခဲ့တာပါ။

အဲဒီအပေါ် နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ဆွေးနွေးမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုပဲ တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ ၅၈ ခုရဲ့ သဘောထားအကြံပြုချက်တွေကို လိုအပ်တဲ့အပြင် ပြည်ထောင်စုလွှတ်တော်ရဲ့ အခွင့်အာဏာကိုလည်း လေးစားဖို့ လိုတဲ့အတွက် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာထွက်ပြီးချိန်မှ ညှိနှိုင်းမယ့် အစီအစဉ်တွေကို ဆက်ပြီးဆောင်ရွက်သင့်တယ်လို့ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအုပ်ချုပ်ရေးဘက်က တုန့်ပြန်ပြောကြားချက်ဟာ ဒီမိုကရေစီအရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလားသလိုဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပေါ်ပေါက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးကျော်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။