စာနယ်ဇင်းကောင်စီ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးဦးအောင်ကြည်တို့ တွေ့မည်
2013.08.10
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က တာဝန်ရှိသူတွေဟာ လာမယ့်ရက်ပိုင်းအတွင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) တာဝန်ရှိသူတွေက ပြောပါတယ်။
ပြန်ကြာရေးဌာနဝန်ကြီး ဦးအောင်ကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ တွေ့ဆုံတဲ့အခါ စာနယ်ဇင်းကောင်စီက ရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အလေးထားဆွေးနွေးသွားမယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က RFA ကို အခုလို ပြောပါတယ်။
“ဝန်ကြီးနဲ့တွေ့ဖို့က ဝန်ကြီးက စာနယ်ဇင်းကောင်စီဝင်တိုင်းကို ဖိတ်စာပို့လာတယ်၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အကြမ်းဖျဉ်းပြောတာကတော့ စာနယ်ဇင်းကောင်စီကရေးဆွဲတဲ့ သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်တဲ့အပိုင်းတွေ ပြောမယ်လို့ထင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့က သူကဖိတ်တာပါ၊ ပြီးခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ စာနယ်ဇင်းကောင်စီက ဖိတ်ကြားတဲ့အခါမှာ သူတို့ဘက်က မတက်ဖြစ်တာ အဲဒီအတွက်လည်း သူတို့ပြန်ပြီးဖိတ်တဲ့သဘောလည်းပါပါလိမ့်မယ်”
သြဂုတ်လ ၁၂ ရက် တနင်္လာနေ့မှာ ဝန်ကြီးဦးအောင်ကြည်နဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ တွေ့ဆုံဖြစ်ပြီး၊ သြဂုတ်လ ၁၃ ရက် အင်္ဂါနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။