သတင်းမီဒီယာကောင်စီသစ် သမ္မတရုံးမှာ ကျမ်းသစ္စာ ကျိန်ဆိုမည်
2015.12.08

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင် ၂၄ ဦးဟာ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ နိုင်ငံတော်သမ္မတရုံးမှာ ကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်ပါတယ်။
သတင်းမီဒီယာကောင်စီနည်းဥပဒေအရ ကောင်စီဖွဲ့စည်းပြီး ရက်ပေါင်း ၃၀ အတွင်း ကျမ်းကျိန်ရမှာဖြစ်တဲ့အတွက် နည်းဥပဒေအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ် လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော် က ပြောပါတယ်။
"ကောင်စီကဖွဲ့ပြီးတော့ ရက် ၃ဝ တွင်း ကျမ်းကျိန်ရမယ်ဆိုတဲ့ နည်းဥပဒေအတိုင်း ၁၁ ရက်နေ့ မနက် ၉ နာရီမှာ ကျမ်းကျိန်ဖို့ ကောင်စီဝင်အားလုံးပေါ့၊ အစိုးရနဲ့ ဘာမှ မဆိုင်ဘူး၊ အစိုးရသစ်သည်ဖြစ်စေ၊ ဟောင်းသည်ဖြစ်စေ၊ ဥပဒေထဲကအတိုင်း၊ လွှတ်တော်တို့ သမ္မတပြောင်းတာတို့ ဘာမှမကျိုးသက်ရောက်မှုမရှိဘူး"
သတင်းမီဒီယာကောင်စီကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က အဖွဲ့ဝင် ၂၄ ဦးနဲ့ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဥက္ကဌအဖြစ် ဦးခင်မောင်လေး(ခ) ဆရာဖိုးသောကြာ၊ ဒုတိယဥက္ကဌတွေအဖြစ် ဦးဖေဖြင့်၊ ဒေါက်တာ မျိုးသန့်တင်တို့ကို ရွေးချယ် ခန့်အပ်ထားတာဖြစ်ပါတယ်။
သတင်းမီဒီယာကောင်စီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ သတင်းမီဒီယာဥပဒေပြုစုတာ၊ သတင်းမီဒီယာသမားတွေကြား အငြင်းပွားမှုတွေကို ကြားဝင်ဖြေရှင်းဆောင် ရွက်တာနဲ့ သတင်းမီဒီယာကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာဖို့ သတိပေးဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်းမီဒီယာကောင်စီထဲမှာ သတင်းမီဒီယာသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ သမ္မတရုံးနဲ့ လွှတ်တော်ကို ကိုယ်စားပြုသူတွေ ပါဝင်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းမီဒီယာကောင်စီကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်နေ့က ဖွဲ့စည်းခွင့်ပြုခဲ့တာဖြစ်ပြီး ကောင်စီရဲ့ သက်တမ်းဟာ ၃ နှစ် ကြာမြင့် မှာဖြစ်ပါတယ်။
ကောင်စီဥက္ကဌ သတင်းစာဆရာကြီး ဦးဖိုးသောကြာကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။