ပေါ်လစီဆောင်းပါး ရေးမယ့်လူငယ်တွေ စုဆောင်းနေ
2011.03.13

တဘက်မှာလည်း အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က လူထုအုံကြွမှုသတင်း ဆိုရင် ထည့်ခွင့်မရဘူးလို့ ဆိုပါတယ်။ ပေါ်လစီဆောင်းပါး ရေးပေးမယ့် လူငယ်တွေ လိုက်လံစုဆောင်းနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန် စာပေအသိုင်းအဝိုင်း အဆိုအရ ဂျာနယ်တိုက်တချို့က အသက်အစိတ် ဝန်းကျင် လူငယ်တွေကို လိုက်ခေါ်နေတာ ဖြစ်တယ်လို့ ဂျာနယ်တိုက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မူဝါဒရေးရာ သတင်းနဲ့ ဆောင်းပါးတွေ ရေးခိုင်းပြီး ဂျာနယ်မှာ ထည့်ခိုင်းဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။ ခုလည်း ဂျာနယ်တွေမှာ စာဖတ်သူတွေ ကျော်ဖတ်သွားတဲ့ မထည့်မနေရ ပေါ်လစီဆောင်းပါးတွေ ထည့်နေရပြီး လူထု အမှန်တကယ် စိတ်ဝင်စားမယ့် အရှေ့အလယ်ပိုင်းက အုံကြွမှု သတင်းတွေတော့ ထည့်ခွင့် မရဘူးဆိုပါတယ်။
“အာဏာရှင်နိုင်ငံတွေက ဆန္ဒပြတဲ့ သတင်းတို့ဘာတို့ မထည့်ရဘူး။ ဖျော်ဖြေရေးနဲ့ ထူးဆန်းထွေလာ ဒါတွေပဲ ထည့်ရတယ်။ တချို့ဂျာနယ်တွေကျတော့ ပေးတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘာတို့အကြောင်း ဆိုရင် သူတို့နဲ့ အလွမ်းသင့်တဲ့ ဂျာနယ်တွေကို ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဆိုရင်လည်း သူတို့နဲ့ အလွမ်းသင့်တဲ့ ဂျာနယ်တွေကို ပေးတယ်။ ပေးတာကလည်း မကောင်းတာတွေ သိက္ခာကျစေမယ့် ဟာတွေ ရေးရတယ်”
ပုံနှိပ်လောကမှာ အဲဒီလို ရှိနေချိန်မှာ ရုပ်မြင်သံကြားမှာတော့ နေပြည်တော်က လွှတ်တော်သတင်းကို ညနေ ၆ နာရီကတည်းက စပြီး ထုတ်လွှင့်တာ ည ၉ နာရီခွဲထိ မပြီးနိုင်ဘူးလို့ ရန်ကုန် စာနယ်ဇင်းသမား တဦးက ပြောပါတယ်။
မဆလ ခေတ်ကတောင် လွှတ်တော်သတင်းကို တနာရီလောက်နဲ့ အပြီး ထုတ်လွှင့်ခဲ့တာလို့ ဆိုပါတယ်။ ရှည်ရှည်လျားလျား ထုတ်လွှင့်နေတဲ့ လွှတ်တော်သတင်းကို လူထုက စိတ်မဝင်စားပေမယ့် လေ့လာသူတွေကတော့ စစ်အစိုးရဟာ သူလုပ်ခဲ့တာတွေကို နေပြည်တော်လွှတ်တော်ကနေ ပြန်ရှင်းပြနေတာမျိုး ဖြစ်နေတဲ့အတွက် အံမဝင်ဘူးလို့ ဝေဖန်နေကြပါတယ်။