ထားဝယ် လယ်သမားဆန္ဒပြပွဲ တားမြစ်ခံရ


2017.10.18
dawei-farmer-protest-622.jpg တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွ့ဲဝင် ဝန်ကြီးနှစ်ဦး ရာထူးကနေ နှုတ်ထွက်ပေးဖို့ ထားဝယ်မြို့မှာ အောက်တိုဘာလ ၁၈ ရက်နေ့က လယ်သမားတွေ ဆန္ဒပြစဉ်
Photo: Wai Phyo's facebook

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေပြဿနာတွေကို ဖြေရှင်းမပေးလို့ဆိုပြီး တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွ့ဲဝင် ဝန်ကြီးနှစ်ဦးကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဒေသခံလယ်သမား ၁၀၀ ကျော်ရဲ့ ဆန္ဒပြပွဲ တားမြစ်ခံရတယ်လို့ သိရပါတယ်။

ဆန္ဒပြရာမှာ ကိုင်ဆောင်တဲ့ ပိုစတာတွေမှာ အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ စာသားတွေပါတယ်ဆိုပြီး ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ပြီး ပိုစတာတွေကို ဖြုတ်ခိုင်းတာလို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်ရီရီထွေးက ပြောပါတယ်။

"အဲဒီဆိုင်းပုဒ်တွေကို ဖြုတ်ပေးလို့ပြောတယ်၊ ကျမတို့က မဖြုတ်ပေးနိုင်ဘူး၊ ထွက်ရမယ့်လူက မထွက်ဘူးပေါ့နော်၊ အဲဒါတွေက ပြည်သူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နေတယ်၊ ပြီးတော့ တိုင်းအစိုးရရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်တယ်၊ အဲအတွက်ကြောင့် ဒါကို သူတို့ခွင့်မပြုဘူးလို့ ပြောလာတယ်၊ လယ်သမားတွေရဲ့ ခံစားချက်ကို ကျမတို့က ပြောချင်းသာဖြစ်တယ်၊ ဘယ်သူ့ကိုမှ ထိခိုက်တာမဟုတ်ဘူး၊ ကျမတို့ လယ်ယာပြဿနာတွေကို မဖြေရှင်းတဲ့အတွက်ကြောင့် ထွက်ပေးလို့ပြောတယ်"

ဆန္ဒပြပွဲမှာ အစိုးရမလုပ်တတ်တဲ့ ဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့၊ အစိုးရလုပ်တတ်တဲ့ ဝန်ကြီးချုပ်သာအလိုရှိသည်၊ မြေယာအရေးဖြေရှင်းပေး၊ မဖြေရှင်းပေးနိုင်က တိုင်းလယ်ဆည်ဝန်ကြီး နှုတ်ထွက်ပေး၊ ဥပဒေမဲ့ သိမ်းဆည်းမြေ ယာပေါ်မှာ ဥပဒေမဲ့ ဆောက်လုပ်ခွင့်ပေးသော စည်ပင်ဝန်ကြီးနှုတ်ထွက်ပေး စတဲ့ စာသားတွေ ရေးသားထားတဲ့ ပိုစတာတွေ ကိုင်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှာရှိတဲ့ လယ်ယာမြေဧက ၃၀၀ ကျော်ကို ထားဝယ်မြို့သစ် စီမံကိန်းအတွက်ဆိုပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က အစိုးရက သိမ်းယူခဲ့ပါတယ်။

အဲဒီမြေယာပေါ်မှာ စီမံကိန်းအကောင်အထည်ဖော်နေတာကို ရပ်တန့်ပေးဖို့၊ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တောင်သူတွေအပေါ် တရားစွဲဆိုထားတဲ့ ပုဒ်မတွေကို ပယ်ဖျက်ပေးဖို့နဲ့ အစိုးရအဖွဲ့အပါအဝင် ၅ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ လယ်သမားတွေက ပြီးခဲ့တဲ့စက်တင်ဘာလက တောင်းဆိုထားပေမယ့် စီမံကိန်းကို အကောင်အထည်ဖော်နေဆဲဖြစ်တာကြောင့် လယ်သမားတွေက ဒီနေ့ ဆန္ဒပြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ထားဝယ်မြို့သစ် စီမံကိန်းအတွက် မြေယာ သိမ်းယူခံထားရတဲ့ တောင်သူ ၇၀ ထဲက ၆၃ ဦးကို အရင်တိုင်းအစိုးရက နစ်နာကြေးအဖြစ် ၃ဧက ကို ပေ ၄၀ ပေ ၆၀ မြေ ၁ကွက်နှုန်းနဲ့ မြေကွက်ပေါင်း ၁၄၅ ကွက် ချထားပေးပြီးဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် မြေစာရင်းမြေပုံမှတ်တမ်းအရ မြေကွက်လက်ခံရယူလိုခြင်းမရှိတဲ့ လယ်သမား ၇ ဦးအတွက် အကွက်ပေါင်း ၂၀ ကို နစ်နာကြေးအဖြစ် ပေးအပ်ဖို့ စီစဉ်ထားရှိခဲ့ပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီလိုမြေကွက်ရယူခြင်းမရှိသေးတဲ့ မူလအမည်ပေါက် တောင်သူ ၇ ဦးနဲ့ လက်ရှိတင်ပြတောင်းဆိုနေတဲ့ တောင်သူတွေအမည်ဟာ ကွဲလွဲမှုရှိနေတယ်လို့ တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိအစိုးရအနေနဲ့ မြေကွက်ရယူလိုခြင်းမရှိတဲ့ တောင်သူ ၇ ဦးက မြေကွက်ရယူမယ်ဆိုရင် အချိန်မရွေးပေးအပ် သွားမှာဖြစ်ကြောင်း၊ မူလအမည်ပေါက်တောင်သူမရှိတော့ရင် အဲဒီမြေယာနဲ့ပတ်သက်ပြီး အကျိုးခံစားခွင့်ရှိသူတွေ က သက်သေအထောက်အထားနဲ့ တင်ပြလာရင် မြေကွက်အစားထိုးပေးဖို့ စိစစ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

တိုင်းအစိုးရရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ အစိုးရအဖွဲ့၊ လူပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ၊ ပိုစတာတွေ ဆန္ဒပြပွဲမှာ မပါရှိဖို့နဲ့ လိုက်နာခြင်းမရှိရင် ဥပဒေအရအရေးယူသွားမယ်လို့ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။