သီးနှံဈေးကျ၍ မတ်ပဲ တောင်သူများအခက်ကြုံ
2011.03.11

အခုအခါမှာ မတ်ပဲ တတင်းကို နှစ်သောင်းကျော်ပဲ ဈေးရှိတဲ့ အတွက် မြင့်မားနေတဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ အလုပ်သမားခ စတဲ့ သီးနှံထုတ်လုပ်ရေး စရိတ်တွေနဲ့ မကာမိတဲ့ အကြောင်း ဒေသခံ တဦးက ပြောပြပါတယ်။
“ပေါက်ဈေးက ၂၂,၈၀၀၊ ကျွန်တော်တို့ ဘုရင့်နောင်နဲ့ နယ်မှာ ဆင်းဝယ်တဲ့ ဈေးနဲ့က ကျွန်တော်တို့ တတင်းကို ၂၀၀ လောက်ပဲ ကွာတယ်။ အမှန်မှာ မနှစ်ကဆိုရင် တောင်သူတွေ လက်ထဲမှာ ၃၀,၀၀၀ လောက် ရောင်းရတယ် တတင်းကို။ ပဲတတင်းကို ၃၀,၀၀၀ လောက်ရောင်းရမှ ပိုးသတ်ဆေး ဈေးနှုန်းနဲ့က အဆင်ပြေမှာလေ။ ကျွန်တော်တို့ ဒီ ၃ လပိုင်း လဆန်းကနေ စထွက်တာ ၃ လပိုင်း လကုန်အထိပေါ့။ ၃ လပိုင်း လကုန်ဆိုရင် ဒါ တောင်သူလယ်သမား လက်ထဲမှာ သိပ်မရှိတော့ဘူး။”
ဧရာဝတီတိုင်းအတွင်း မတ်ပဲစိုက် တောင်သူတွေဟာ သီးထပ်အနေနဲ့ မတ်ပဲကို စပါးအပြီး စိုက်ပျိုးကြရာမှာ ဒီနှစ် ရိတ်သိမ်းချိန် မိုးမိလို့ စပါးဈေးလည်း မကောင်းတဲ့ ကြားမှာ မတ်ပဲဈေးတွေပါ ကျဆင်း လို့ စီးပွားရေး ကျပ်တည်းကြတယ်လို့လည်း အဲဒီ ဒေသခံက ပြောပါတယ်။
“မနှစ်ကနဲ့စာရင်တော့ တောင်သူတွေကတော့ စီးပွားရေး ကျပ်တည်းတာပေါ့။ ကျပ်တည်းတဲ့အခါ ကျွန်တော်တို့ စပါးရောင်းရမဲ့ အချိန်မှာ စပါးဈေးက မကောင်းဘူးလေ။ အဲ သူတို့တွေ ရောင်းပြီးခါမှ စပါးဈေးက တက်တာကိုး။ တောင်သူလက်ထဲမှာ စပါးမရှိခါမှ။ တခါတလေ မတ်ပဲကျတော့လည်း ကျွန်တော်တို့ အခုအချိန်မှာ မတ်ပဲတတင်းကို တောင်သူလက်ထဲမှာ ၃၀,၀၀၀ လောက် ရောင်းရမှ အဆင်ပြေမှာကိုး။ စပါးရိတ်တဲ့အချိန်မှာ မိုးရွာရင် မိုးမိတဲ့စပါး ရေစိုလို့ မယူတော့ ကျွန်တော်တို့ ဈေးကောင်းမရဘူး။ အဲဒီတော့ ပဲတခါ ကောင်းလောက်တယ်ဆိုပြီး ပဲလုပ်။ ပဲကလည်း ကျွန်တော်တို့ ပဲ စစိုက်တဲ့ အချိန်ထိ ပဲဈေးက ပြန်တက်မလာဘူး။ ဆီဈေးတက်တယ်၊ တောင်သူလယ်သမား ရောင်းရတဲ့ မတ်ပဲဈေး မတက်ဘူး။ အခြေခံစားကုန်ဖြစ်တဲ့ ကြက်သွန်ဈေး တက်တယ်၊ ဒီ ပဲဈေး၊ စပါးဈေး မတက်ဘူး။”
ပြည်တွင်း ကုန်သည်တချို့က နိုင်ငံခြားကို မတ်ပဲ တင်ပို့ရာမှာ အခွန်အကောက်တွေ များလွန်းခြင်း၊ နိုင်ငံခြားငွေလဲနှုန်း ကျဆင်းခြင်း၊ အိန္ဒိယ နိုင်ငံကို တင်ပို့မှု ကျဆင်းခြင်းတို့ ကြောင့် အခုလို မတ်ပဲဈေး ကျဆင်းတာဖြစ်တယ်လို့ ပြောကြားကြပါတယ်။