နိုင်ငံရေး အကျဉ်းသား အားလုံး ချက်ချင်းလွှတ်ဖို့ AIPMC နဲ့ ITUC တောင်းဆို
2011.10.13

(Photo: AFP)
မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အများအပြား ဆက်လက် ထိန်းသိမ်းခံထား ရဆဲ ရှိနေတာကြောင့် သူတို့အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ AIPMC အနေနဲ့ မြန်မာအစိုးရကို ထပ်ပြီး တိုက်တွန်းပါတယ်လို့ အမှုဆောင် ညွန်ကြားရေးမှုး Agung Putri Astrid က
အာအက်ဖ်အေ ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးတာကို AIPMC ကြိုဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အချိန်အကြာကြီး ဆွဲနေတာကြောင့် မြန်မာ အစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ချက်တွေကို AIPMC အနေနဲ့
သံသယ ဖြစ်မိတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံ အနေနဲ့လည်း မြန်မာအစိုးရ လုပ်ရပ်ကို စောင့်ကြည့်ဖို့ AIPMC က သတိပေးထားပါတယ်။
အလားတူပဲ နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ITUC အနေနဲ့လည်း လွတ်မြောက်လာသူ တွေထဲမှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင် (၇) ဦးပါဝင်တာကို ကြိုဆိုတယ်လို့ မနေ့က ထုတ်ပြန်ကြေညာ ပါတယ်။
ဒါပေမယ့် အကျဉ်းထောင်တွေထဲမှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ၊
အလုပ်သမား အရေး လှုပ်ရှားသူတွေ အများအပြား ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ITUC အနေနဲ့ တောင်းဆိုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။