ဆေးကုသမှု မလုံလောက်တာကြောင့် အိုးဘိုအကျဥ်းထောင်က နိုင်ငံရေးအကျဉ်းသူ သေဆုံး

RFA Burmese
2024.02.07
ဆေးကုသမှု မလုံလောက်တာကြောင့် အိုးဘိုအကျဥ်းထောင်က နိုင်ငံရေးအကျဉ်းသူ သေဆုံး အိုးဘိုထောင်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရပြီး ဆေးကုသမှု အလုံအလောက်မရတာကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးအား တွေ့ရစဉ်။
Political Prisoners Network - Myanmar

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးဟာ ဆေးကုသမှု အလုံအလောက်မရတာကြောင့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM) က ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ အသက် ၃၅ နှစ်အရွယ် မယဉ်မိုးဟာ ရောဂါမသက်သာဘဲ အကျဉ်းထောင်နဲ့ ဆေးရုံကို မကြာခဏ ကူးပြောင်းခဲ့ရတာကြောင့် သေဆုံးရတာလို့ ဖော်ပြထားပါတယ်။

မယဉ်မိုးဟာ ထောင်တွင်း ဆေးဝါးကုသမှုညံ့ဖျင်းတာကြောင့် မန္တလေးဆေးရုံကြီးမှာ အရေးပေါ်ကုသနေချိန် သေဆုံးခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“မယဉ်မိုးဆိုရင် ဒါပြင်ပဆေးရုံတွေကို ပို့ပေးပေမယ့် အချိန်နဲ့တစ်ပြေးညီပေါ့နော် တိကျစွာနဲ့ ဆရာဝန်ကြီးနဲ့ ကုသခွင့်မရဘဲနဲ့ ပြင်ပဆေးရုံကိုပို့လိုက် ပြင်ပဆေးရုံမှာ ခဏလောက်ထားပြီး အနည်းငယ်လောက်သက်သာရင် ထောင်ကိုပြန်လွှဲလိုက်နဲ့ ဒီလိုနဲ့ပဲပေါ့နော် ဆေးဝါးကုသမှု ခံနေရတယ်။ လူမမာဖြစ်နေတဲ့ ကြားကပေါ့နော် အကြိမ်ကြိမ် ပြောင်းရွှေ့မှုပေါ့နော်။ ပြင်ပဆေးရုံနဲ့ ထောင်ကြားထဲမှာ ကူးပြောင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်ပေါ့နော်”

မယဉ်မိုးကို ထောင်အာဏာပိုင်တွေက ပြင်ပဆေးရုံမှာ ဆေးကုသခွင့်ပေးခဲ့ပေမယ့် လုံခြုံရေးအကြောင်းပြပြီး ရောဂါသက်သာတဲ့အထိ လုံလောက်စွာ ကုသမှုမပေးခဲ့တာကြောင့် သေဆုံးရတာလို့ (PPNM) က ထုတ်ပြန်ထားပါတယ်။

မယဉ်မိုးဟာ စစ်အာဏာသိမ်းပြီးချိန် မန္တလေးမြို့ပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ်၊ မတ်လမှာပဲ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) အမှုနှစ်မှုနဲ့ ထောင်ဒဏ်ခြောက်နှစ် ချခံထားရတာပါ။

အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံရပြီးတဲ့နောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ မြင်းခြံအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ (PPNM) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

မြင်းခြံအကျဉ်းထောင် ရောက်ရှိချိန်ကတည်းက မယဉ်မိုး ကျန်းမာရေးမကောင်းတာကြောင့် အိုးဘို အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၈၉၄ ခုနှစ် အကျဉ်းထောင်များ အက်ဥပဒေအရ ရောဂါဝေဒနာတစ်ခုခုခံစားရတဲ့ အကျဉ်းသားတွေကို လိုအပ်တဲ့ ဆေးကုသမှုခံယူဖို့ ထောင်အာဏာပိုင်တွေက စီစဉ်ပေးရမှာလို့ မန္တလေးမြို့ခံ ရှေ့နေ့တစ်ဦးက RFA ကို ပြောပါတယ်။

“အကျဉ်းသား၊ အချုပ်သားများရရှိတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဝေဒနာတွေကို ပြုစုကုသမှုပေးဖို့အတွက်လည်းပဲ အကျဉ်းထောင် အက်ဥပဒေထဲမှာ အကျဉ်းထောင်များ အက်ဥပဒေနဲ့ အကျဉ်းထောင်လက်စွဲဥပဒေတွေမှာ အသေးစိတ် ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အကျဉ်းသားတစ်စုံတစ်ယောက်က သူ့မှာ ရောဂါဝေဒနာ တစ်စုံတစ်ရာ ခံစားနေရတယ်၊ စိတ်ပိုင်းပဲဖြစ်ဖြစ် ရုပ်ပိုင်းပဲဖြစ်ဖြစ် ဖြစ်တယ်ဟေ့ဆိုရင် သူ့အဆောင်မှာရှိတဲ့ အနီးစပ်ဆုံး ဝန်ထမ်း အဲဒီဝန်ထမ်းကနေပြီးမှ အဲဒီအဆောင်မှူးဖြစ်ဖြစ် အရာရှိကိုတင်ပြပြီးတော့ အဲဒီအရာရှိကလည်း ချက်ချင်းပဲ အကျဉ်းထောင်ထဲမှာရှိတဲ့ ဆေးရုံ၊ တချို့အင်မတန် သေးငယ်တဲ့ထောင်တွေမှာဆို ဆေးရုံမရှိပါဘူး ဆေးပေးခန်းကို အဲဒီကို ပြသနိုင်ဖို့အတွက် ချက်ချင်းဆောင်ရွက်ပေးရပါမယ်။ ဒါပေမဲ့ အခုက ဒီလိုတွေရှိမနေဘူး။ ဒါ့ကြောင့် အကျဥ်းသား၊ အချုပ်သားတွေ ကျန်းမာရေးကြောင့် သေဆုံးရတာမျိုး ဖြစ်ပေါ်နေတာ”

ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးကုသမှု ဆောင်ရွက်ပေးရသလို ဆေးဝါးရရှိအောင်လည်း အကျဉ်းထောင် အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ဥပဒေမှာ အသေးစိတ်ပြဋ္ဌာန်းထားတယ်လို့ ရှေ့နေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေး၀န်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကတော့ ပြင်ပ မိသားစုဝင်တွေ ထောင်ဝင်စာပို့တဲ့အခါ နိုင်ငံခြားဆေးဝါး သွင်းခွင့်ရဖို့၊ အကျဉ်းထောင်လက်စွဲ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း အကျဉ်းသားတိုင်းကို လုံလောက်တဲ့ ဆေးဝါး စောင့်ရှောက်မှုပေးဖို့နဲ့ အရေးပေါ်လူနာတွေကို ပြင်ပဆေးရုံမှာ ရောဂါပျောက်ကင်းတဲ့အထိ ကုသခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ထုတ်ချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ ဒီနေ့အထိ မယဥ်မိုးအပါဝင် အကျဥ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ငါးဦးရှိပါပြီ။

ဇန်နဝါရီလထဲမှာ ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦး၊ မကွေးအကျဉ်းထောင်က တစ်ဦး၊ ကလေးအကျဉ်းထောင်က တစ်ဦးနဲ့ အခုဖေဖော်ဝါရီလမှာ အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတစ်ဦးတို့ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၂၅,၉၈၇ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၈,၇၅၂ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။