ရမည်းသင်းအချုပ်ကားပေါ်က အကျဉ်းသားထွက်ပြေးမှု ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦးသေဆုံး

RFA Burmese
2023.03.02
ရမည်းသင်းအချုပ်ကားပေါ်က အကျဉ်းသားထွက်ပြေးမှု ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦးသေဆုံး နေပြည်တော်တွင် စစ်ကောင်စီလက်အောက်ခံ ရဲယာဉ်တန်းအား ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မတ်လ ၁ ရက် မနေ့ညနေပိုင်းက နေပြည်တော် ပျဉ်းမနားခရိုင် တရားရုံးကနေ ရမည်းသင်းထောင်ကို ပြန်လာတဲ့ အချုပ်ကားပေါ်က အကျဉ်းသားတချို့ သေနတ်လုပြီး ထွက်ပြေးတာကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဉ် အကျဉ်းသားတစ်ဦး သေဆုံးပြီး နှစ်ဦးပြန်ဖမ်းမိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

တရားရုံးထုတ်ကအပြန် တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၄၆ အနီးရောက်ရှိစဉ် အကျဉ်းသားတချို့က ကားနောက်ခန်းက အစောင့်ရဲတွေကို စတင်တိုက်ခိုက်ပြီး သေနတ်လုယူထွက်ပြေးခဲ့ပါတယ်။

အကျဉ်းသား ကိုးဦး ထွက်ပြေးသွားတာကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦး သေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ ကျန်ခြောက်ဦးကတော့ အခုချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

မနေ့ညနေက အချုပ်ကားထဲမှာ နိုင်ငံရေးအကျဉ်းသား ခြောက်ဦး အပါအဝင် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း အကျဉ်းသား ၂၁ ဦး လိုက်ပါလာတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထွက်ပြေးလွတ်မြောက်နေသူ ခြောက်ဦးမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ဘဲ လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှုနဲ့ နှစ်ရှည်ထောင်မိန့် ချမှတ်ခံထားရသူ၊ အမှုတချို့ကို ဆက်လက်ရင်ဆိုင်နေရသူတွေဖြစ်တယ်လို့ ရမည်းသင်းအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အဲဒီအချုပ်ကားထဲမှာ နိုင်ငံရေးအကျဉ်းသားက ခြောက်ဦးလောက်ပါတယ်။ ကျန်တာ ရာဇဝတ် အကျဉ်းသားတွေ။ အခုထွက်ပြေးတာက ရမည်းသင်းက နာမည်ကြီး ဇိုးတွေ နိုင်ကျဉ်းတွေ မပါဘူး။ လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှုတွေနဲ့ ထောင်နှစ် ၅၀ လောက် ကျနေသူတွေလည်းပါတယ်”

ထွက်ပြေးလွတ်မြောက်နေသူတွေနဲ့ သေဆုံးသူ အကျဉ်းသားရဲ့ အမည်နဲ့ အသက်အရွယ်ကို အတိအကျ မသိရသေးပါဘူး။

မနေ့ကဖြစ်စဉ်ကြောင့် ထောင်တွင်းဆူပူမှုဖြစ်မှာကို စိုးရိမ်ပြီး အာဏာပိုင်တွေက အချုပ်ကားပေါ်က ကျန်အကျဉ်းသားတွေကို ထောင်ထဲကို ပြန်မပို့ဘဲ ပျဉ်းမနားမြို့ ရဲစခန်းအချုပ်မှာပဲ ယာယီထိန်းသိမ်းထားလိုက်တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ဖို့ မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဒီကိစ္စကြောင့် အခင်းဖြစ်တဲ့ အချုပ်ကားပေါ်မှာ အတူပါလာတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို အမှုတွေ ထပ်တိုးမှာ၊ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ ပိုမိုတင်းကျပ် ခံရမှာကို စိုးရိမ်မိတယ်လို့ မကြာသေးခင်ကမှ ရမည်းသင်းထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလိုဖြစ်သွားတော့ ရုံးထုတ်သွားနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပိုပြီး ကျပ်တည်းသွားမှာ စိုးရိမ်တယ်။ နောက်ပြီး အချုပ်ကားပေါ်မှာပါလာတဲ့ နိုင်ကျဉ်းတွေကိုလည်း အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုတွေ ထပ်ကပ်မှာကိုလည်း စိတ်ပူမိတယ်။ အခုဖြစ်ရပ်က သူတို့နဲ့ မဆိုင်ဘူးလေ”

မနေ့ကဖြစ်စဉ်မှာ အကျဉ်းသားတွေက သေနတ်လုပစ်ခတ်တာကြောင့် အစောင့်ရဲတပ်သားတစ်ဦး ဒဏ်ရာရပြီး တပ်ကုန်းမြို့ ကုတင် ၁၀၀ ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က မကွေးတိုင်း ပခုက္ကူအကျဉ်းထောင်က အချုပ်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ငါးဦးဟာ အချုပ်ခန်းကိုဖောက်၊ မြင့်မားတဲ့ ထောင်ဝန်းအုတ်တံတိုင်းကို ခက်ခက်ခဲခဲ ကျော်တက်ပြီး ဘေးလွတ်ရာကို ထွက်ပြေးလွတ်မြောက်သွားပါတယ်။

စက်တင်ဘာလထဲမှာပဲ မန္တလေးတိုင်း၊ ကျောက်ဆည် ရဲစခန်းကနေ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကိုသွားတဲ့ အချုပ်ကားတစ်စီး လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး အချုပ်သားနှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီအချုပ်ကားကို ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာ အခုချိန်ထိ အတိအကျ မသိရပါဘူး။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှု၊ ထောင်အာဏာပိုင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ ပုသိမ်ထောင်၊ ရွှေဘိုထောင်နဲ့ ကလေးထောင်တို့မှာ ပြီးခဲ့တဲ့နှစ်အတွင်း ထောင်တွင်း အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။ ထောင်တွင်းကန့်ကွက်ဆန္ဒပြမှုတွေဖြစ်တိုင်း အာဏာပိုင်တွေက အင်အားသုံးဖြိုခွင်းတာကြောင့် ပုသိမ်ထောင်နဲ့ ကလေးထောင် အဓိကရုဏ်းတွေမှာ နိုင်ငံရေးအကျဉ်းသားတချို့ သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။