ရန်ကုန်သြင်္ကန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့
2012.05.01

(Photo: AFP)
ဒါပေမယ့် ထောင်အာဏာပိုင်တွေက မလုပ်ပေးဘူးလို့ မနေ့က အင်းစိန်ထောင်မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ ဇနီးဖြစ်သူ မဌေးဌေးက RFA ကို ပြောပြပါတယ်။
"သူက ရင်ဘတ်တခုလုံးနာပြီးတော့ မထိုင်နိုင်ဘူးလေ။ မှောက်ခုံကြီး မှောက်နေရတယ်။ နေမကောင်း စဖြစ်တာကတော့ ဒီနှစ်တလပိုင်းထဲကပေါ့နော်။ဖျားတယ်၊ ဖျားတယ်နဲ့ အဲကနေပြီးတော့ အသဲရောင်တယ်ပေါ့နော်။ ပြီးတော့ အသဲမှာ အကြိတ်တွေ့တယ် ဆိုတာက ၃ လပိုင်းတုန်က သိရတာပါ။ ခု အသည်းဖြစ်ပြီ ဆိုတဲ့အချိန်ကျတော့ အထူးကုနဲ့ပြဖို့ လိုပြီပေါ့နော်။ ဒါပေမယ့် အခုချိန်ထိ ထောင်မှာလာကြည့်တာမျိုးကော၊ အပြင် refer ထုတ်တာမျိုးကော ဘာမှမလုပ်သေးဘဲ ထားထားတယ်။"
ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံက ဆရာဝန်တဦးက ထောင်မှာ အတ်ထရာဆောင်း လာရိုက်ပေးပေမယ့် အင်းစိန်ထောင်က ultrasound ရိုက်တဲ့စက်ကပျက်နေတော့ ရောဂါအခြေအနေကို မခန့်မှန်းနိုင်ဘူးလို့လည်း ဆိုပါတယ်။
ထောင်မကျခင်ကတည်းက ကိုဖြိုးဝေအောင်မှာ အသည်းရောင်အသားဝါ ဘီ ပိုးရှိပြီး အသည်းမှာ ပြည်တည်ခဲ့ဖူးပါတယ်။ သူ့ကို ပြင်ပဆေးရုံမှာ ဆေးကုခွင့်ရဖို့၊ အထူးကုဆရာဝန်နဲ့ ကုခွင့်ရဖို့ကို ထောင်အာဏာပိုင်တွေထံ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့မှာ မိသားစုက စာရေးတင်ပြထားပေမယ့် ခုထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ မဌေးဌေးက ပြောပါတယ်။
"ထောင်ပိုင်ရယ်၊ ထောင်တာဝန်ခံအရာရှိရယ်၊ ပြီးတော့ ထောင်တာဝန်ခံ ဆရာဝန်ရယ်ကို ကိုဖြိုးဝေအောင်ရဲ့ညီ ဒေါက်တာထက်ဝေအောင်က စာရေးတင်ပါတယ်။ ပြီးတော့ မိတ္တူကို သမ္မတတို့ ဘာတို့ဆီကို ပို့ထားပါတယ်။ စာထဲမှာ အင်းစိန်ဆေးရုံမှာ ထွက်ပြီးတော့ အတ်ထရာဆောင်း ရိုက်ခွင့်ပေးဖို့ရယ်၊ အသည်းအထူးကု ဆရာဝန်နဲ့ ရီဖားထုတ်ပြီးတော့ ကုသပေးဖို့ရယ်၊ လိုအပ်တဲ့ငွေကြေးကို မိသားစုက ပေးပါ့မယ်ဆိုပြီး ကျမတို့ စာတင်ထားပါတယ်။"
ကိုဖြိုးဝေအောင်ရဲ့အမှုကို လာမယ့် မေလ ၈ ရက်နေ့မှာ တရားရုံးက အမိန့်ချမှာ ဖြစ်တဲ့အတွက် အမိန့်ချပြီးတဲ့နောက် အခုလိုကျန်းမာရေး ဆိုးနေချိန် မိသာစုနဲ့ဝေးလံတဲ့ ထောင်တွေဆီ ထပ်မံပြောင်းရွှေ့ခံရမှာကို စိုးရိမ်နေတယ်လို့လည်း ကိုဖြိုးဝေအောင်ရဲ့ဇနီး မဌေးဌေးက ပြောသွားပါတယ်။