နိုင်ငံရေးအကျဉ်းသား (၆)ဦး လွတ်ရက်စေ့လို့ ပြန်လွတ်လာ
2011.10.07

Photo: RFA
ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား သံဃာ (၂) ပါး က နန်းဦးကျောင်းတိုက်က ဦးခေမိန္ဒ နဲ့ ဦးဝိလာသ တို့ ဖြစ်ပြီး တခြားသူ ၄ ဦးကတော့ ကိုကျော်မျိုးမင်း၊ ကိုကျော်မျိုးဟိန်း၊ ကိုသက်နိုင်နဲ့ ကိုစံတိုးတို့ ဖြစ်ပါတယ်။
အာဏာပိုင် တွေက ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး အောက်တိုဘာလ (၁၁) ရက်နေ့မှာ နန်းဦးကျောင်းဝန်းအတွင်း ပေါက်ကွဲစေတတ်တဲ့ ယမ်းနဲ့ဗုံး ရှာတွေ့ခဲ့တယ်ဆိုကာ ဦးခေမိန္ဒနဲ့ ဦးဝိလာသတို့ သံဃာတော် (၂) ပါး အပါအဝင် ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ကိုကျော်မျိုးမင်း၊ ကိုသက်နိုင်၊ ကိုစံတိုးနဲ့ ကိုကျော်မျိုးဟိန်း တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ (၆) ဦးစလုံးကို ၂၀၀၉ခုနှစ်မှာ ဖောက်ခွဲပုဒ်မ (၅)နဲ့ ထောင်ဒဏ် (၅)နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ထောင်ကနေ ပြန်လွတ်လာတဲ့ စိတ်ခံစားမှု အခြေအနေနဲ့ အင်းစိန်ထောင်တွင်းမှာ အခုချိန်ထိ ကျန်းမာရေး စောင့်ရှောက်မှု ပေါ့ဆနေသေးတဲ့ အခြေအနေတွေကို ဒီမနက် ပြန်လွတ်လာတဲ့ ဦးခေမိန္ဒ က အခုလို ပြောပါတယ်။
“ထောင်ကနေ လွတ်လာတာတော့ ပျော်ပါတယ်ခင်ဗျ ဒါပေမယ်လို့ နိုင်ငံရေးသမားတွေ ပေါ့ခင်ဗျာ ထောင်ကျတဲ့ ပုဂ္ဂိုလ်တွေ ကျနော်တို့လို လွတ်စေချင်ပါတယ်။ ထောင်ထဲမှာ ငတ်ငတ်ပြတ်ပြတ်နဲ့ ဖြတ်သန်း ရပါတယ်ခင်ဗျ။ ကျန်းမာရေး စောင့်ရှောက်မှုက သူတို့ဘက်က ချို့ယွင်းချက်တွေ ရှိပါတယ်။ ဟိုတလောက ဆေးရုံတက် လိုက်ရတဲ့ ဇော်လင်းထွန်း ဆိုလို့ရှိရင် ကင်ဆာ ဖြစ်နေတာကို ပထမသူတို့ ဆီးတို့ သလိပ်တို့ မစစ်ဘဲနဲ့ တီဘီပိုးပါဆိုပြီး တီဘီဆေးတွေ တိုက်ရာကနေပြီးတော့ အခုဆိုလို့ရှိရင် အသည်းကင်ဆာ ဖြစ်သွား တယ်ပေါ့ဗျာ။ သူတို့ ဘက်က အမှန်အတိုင်း ပြောရရင် ပေါ့လျော့ တယ်ပေါ့ခင်ဗျား”
အခုပြန်လည် လွတ်မြောက်လာတဲ့ ကိုကျော်မျိုးမင်းကတော့ အာဏာပိုင်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ ယမ်းနဲ့ ပေါက်ကွဲ စေတတ်တယ်ဆိုတဲ့ ပစ္စည်းတွေ ကို သူတို့ နားလည်ခြင်း မရှိသလို သက်ဆိုင်ခြင်းလည်း မရှိဘူးလို့ ပြောပါတယ်။
“ဒါ ယမ်းမှန်းလည်း မသိဘူး၊ ကျနော်တို့နဲ့လည်း ဘာမှ မပတ်သက်ဘူး၊ ဘယ်သူ့ဟာမှန်းလည်း မသိဘူး၊ ဘယ်ကမှန်းလည်းမသိဘူး၊ ကျနော်တို့က အချောင်ပဲ ခံလိုက်ရတဲ့ ပုံစံမျိုး၊ ခုတော့ ပြစ်ဒဏ်လည်း ခံပြီးသွားပြီ ပြစ်ဒဏ်လည်း အပြည့်နေခဲ့ရတယ်။ လျော့ရက် မပေးဘူး သမ္မတ ဦးသိန်းစိန်ပေးတယ် တစ်နှစ်ပဲရတယ်။ စံတိုးတို့ သူတို့ကလည်း မထူးဘူး နန်းဦးကျောင်းမှာ အဖမ်းခံရတာ ကျော်မျိုးဟိန်းကတော့ ရွာမှာပေါ့ ချောင်းဦးမြို့ ရွှေကူရွာ ကနေပြီးတော့ အဖမ်းခံရတာ”
ဒါကတော့ ဒီကနေ့ မနက်ပိုင်းက လွတ်ရက်စေ့လို့ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား (၆) ဦးထဲက ကိုကျော်မျိုးမင်း ပြောဆိုသွားတာ ဖြစ်ပါတယ်ခင်ဗျား။