လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်စဉ်းစားပေးဖို့ အကျဉ်းသားမိသားစုတွေ တောင်းဆို
2011.05.22

ပခုက္ကူအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးကျင်လှိုင်က နိုင်ငံရေးအကျဉ်းသား အများစုဟာ နှစ်ကြီးသမားတွေ ဖြစ်လို့ မိသားစုလိုက် ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အများကြီး စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပါတယ်။
အလားတူပဲ လက်ရှိ ထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးဟာ အပြစ်မရှိဘဲ အကျဉ်းကျနေကြတာ ဖြစ်ကြောင်း၊ မိသားစုတွေရဲ့ သောကကို ကိုယ်ချင်းစာကြည့် စေလိုကြောင်း၊ ရမည်းသင်းထောင်မှာ ထောင်ဒဏ်ကျနေတဲ့ ကိုနေဇာမျိုးဝင်းရဲ့ မိခင် ဒေါ်လှလှဝင်း က ပြောပါတယ်။
“အကုန်လုံး လွှတ်ပေးမယ်လို့ ထင်တာပေ့ါနော်။ စစ်အစိုးရလက်ထက်မှာလည်း အဲဒီလိုမျိုး ရှိခဲ့တာ ဆိုတော့၊ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ အကုန်လုံးကို လွှတ်လိမ့်မယ်လို့ အဲဒီလို တွေးထားတာ။ ရွေးကောက်ပွဲ ပြီးကတည်းက နိုင်ငံရေးသမားတွေနဲ့ အကျဉ်းကျတွေ အားလုံး လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ခုလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်က တနှစ်ပဲ ပေးတယ်ဆိုတော့ ကိုယ့်သားသမီးတွေနဲ့ နှစ်ကြီးသမားတွေ ပါမလာတဲ့အတွက် အရမ်းကို စိတ်မကောင်း ဖြစ်ကြတယ်။ မျှော်လင့်ပါတယ် အခုပေါ့နော်။ ကိုယ်လည်းပဲ ကိုယ့်သားလေးကို လွတ်စေချင်တယ်၊ အကုန်လုံးကိုလည်း လွှတ်ပါလို့ ပြောချင်ပါတယ်၊ တောင်းဆိုချင်ပါတယ်”
အလားတူပဲ အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ NLD လူငယ် ကိုညီညီအောင်ကလည်း ထောင်ထဲမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ၊ မလွတ်သေးတဲ့ သူတွေအတွက် ဆက်ပြီး နိုင်ငံရေးကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။