အကျဉ်းသား ၂၅ဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး


2017.05.24
kyatpagyi-620.jpg အင်းစိန်အကျဉ်းထောင်ကနေ မေလ ၂၄ ရက်နေ့က လွတ်မြောက်လာတဲ့ ကြက်ဖကြီး ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင် ကိုလှဖုန်း ကိုတွေ့ရစဉ်
Photo: Htet Arkar/RFA

နေပြည်တော်မှာ ဒီနေ့စတင် ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ( ၂၁) ရာစုပင်လုံ ကိုကြိုဆိုတဲ့အနေနဲ့ နိုင်ငံတော် သမ္မတက နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦး စုစုပေါင်း အကျဉ်းသား ၂၅၉ ဦးကို ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

အဲဒီလို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ ကြက်ဖကြီး Facebook အကောင့် ပိုင်ရှင်ဆိုပြီး ဖမ်းဆီး ခံထားရတဲ့ ကိုလှဖုန်းလည်း ပါဝင်ပြီး အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာ ပါတယ်။
ကိုလှဖုန်းက သူ့အနေနဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းဖို့ လှုပ်ရှားသွားမယ်လို့ ပြောပါတယ်။

"၂၁ ပင်လုံနဲ့ပတ်သတ်ပြီး နိုင်ငံတော်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ သိရပါတယ်ခင်ဗျ ကျနော် ဒီမနက်သိရပါတယ်၊ ဒီမနက်အိပ်ယာထမှပဲ သက်ဆိုင်တဲ့ ထောင်မှူးကလာပြောလို့ သိရပါ တယ်ခင်မျ အဲအခါကျမှပဲ ဘာကြောင့်လွှတ်ပေးတယ်ဆိုတာသိရတယ် ၊ အခုကျနော့်ကို ဖမ်းတဲ့ ဒီ ၆၆ ဃ ကိုမပြင်ဆင် ချင်ဘူး၊ တခါထဲဖျက်သိမ်းချင်တယ်၊ အဲလောက်ပဲပြောချင်တယ်၊ တကယ်ဒုက္ခပေးတဲ့ပုဒ်မဗျ၊ လှုပ်ရှားရမှာပေါ့၊ ကိုယ်က ၆၆နဲ့ ခံခဲ့ရတာဆိုတော့လှုပ်ရှားရမှာပေါ့"

ဒါအပြင် ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့နဲ့ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်တုန်း က ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရတဲ့ အရင်အစိုးရအဖွဲ့ရဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ဟာလည်း တောင်ငူအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ လွတ်မြောက် လာခဲ့ပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင်ကလည်း အကျဉ်းသား ၄၆ ဦး လွတ်မြောက်ခဲ့ပြီးတော့ ပုဒ်မ ၁၃(၁) ၊ ၁၇(၁) တို့နဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ကိုဇော်ဇော်လတ်၊ ပွင့်ဖြူလတ်တို့နဲ့ စစ်ကိုင်းပညာရေးကောလိပ်တွင်း အုပ်ချုပ်မှု စနစ်ကို ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် မေလ ၁၉ရက် က ထောင်ဒဏ်လေးလချမှတ်ခံရတဲ့ ရတနာပုံတက္ကသိုလ်နဲ့ စစ်ကိုင်းပညာရေးကောလိပ်က ကျောင်းသားလေးဦးလည်း လွတ်မြောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အကျဉ်းထောင်တွေကလည်း အကျဉ်းသား ၉၄ ဦး လွတ်မြောက်ခဲ့ပြီး အဲဒီအထဲမှာ ရခိုင့် တပ်မတော် AA နဲ့ ဆက်သွယ်လို့ မတရားအသင်းဥပဒေနဲ့ ဖမ်းဆီးခံထားရသူ ၅၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။