အကျဉ်းကျနေသူနှင့် အမှုရင်ဆိုင်နေရသူ ငါးထောင်ကျော် စစ်ကောင်စီ ပြန်လွှတ်

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံပြီး အကျဉ်းကျနေသူ ၁,၃၂၆ ဦးနဲ့ အမှုရင်ဆိုင် နေရဆဲ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီကို ဆန္ဒပြမှုတွေမှာ ပါဝင်တာကြောင့် တရားရုံးအသီးသီးမှာ တရားစွဲဆို ခံထားရတဲ့ ပြည်သူ ၄,၃၂၀ ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမှုတွေ ပိတ်သိမ်းပြီး လွှတ်ပေးတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အကျဉ်းထောင်နဲ့ အချုပ်ထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၁,၃၁၆ ဦးကိုလည်း ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ကျန်ရှိတဲ့ မူလပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ ပြန်လွှတ်ပေးသူ စုစုပေါင်း ၅,၆၃၆ ဦးဖြစ်ပြီး အခုတစ်ကြိမ် လွှတ်ပေးတာ က အာဏာသိမ်းမှုနောက်ပိုင်းမှာ ဖမ်းဆီးခံရသူတွေနဲ့ အမှုရင်ဆိုင်နေရသူတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း နိုင်ငံတစ်ဝန်းမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၂၃,၃၁၄ ယောက်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။