ဆန္ဒပြအကျဉ်းသားများအရေး မှန်ကန်စွာ ဖြေရှင်းပေးဖို့ တောင်းဆို

အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေအနေနဲ့ မှန်ကန်တဲ့ သဘောထားနဲ့ ဖြေရှင်းပေးဖို့ လိုတယ်လို့ ဒီကနေ့ မေလ ၂၆ ရက်မှာ အကျဉ်းသား မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

2011.05.26
insein_prison_305_z.jpg မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
(Photo:RFA/Tyler Chapman)

ဒီကနေ့ ရရှိတဲ့ သတင်းတွေအရ အစာငတ်ခံ ဆန္ဒပြတာကြောင့် အင်းစိန်ထောင် စစ်ခွေးတိုက်ကို အပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦးကို သူတို့နေထိုင်တဲ့ မူလ အဆောင်တွေကို ထောင် အာဏာပိုင်တွေက ပြန်ပို့လိုက်ပါတယ်။ ဒါအပြင် အခြား ဆန္ဒပြနေသူ တချို့ရဲ့ မိသားစုတွေကို ထောင်ဝင်စာနဲ့ ပါဆယ်ပို့ခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေ အရ အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ တောင်းဆိုဆန္ဒပြတာကို ဖြေရှင်းလိုက်နိုင်ပြီလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ တောင်းဆိုထားတဲ့ အချက်တွေကို အာဏာပိုင်တွေက ဘယ်လိုပုံစံ လိုက်လျောလိုက်သလဲ၊ ဘယ်လို ညှိနှိုင်းကြသလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ မိသားစု အကျိုးဆောင် ကွန်ရက်အဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။

“ပြေလည်သွားတယ်ဆိုတဲ့ ဟာက ယာယီ ပြေလည်မှုတွေပဲ ဖြစ်နိုင်တယ်။ ၂၈/၂၀၁၁ အခြေခံ အကျဆုံးသော အချက်ဖြစ်တဲ့ပေါ့နော် သာမန် လျှော့ပေါ့ရက်များ ခံစားခွင့်အပြင် တနှစ်ဆိုတဲ့ဟာ ပါတယ်။ အဲဒီမှာ နိုင်ငံရေး အကျဉ်းသားတွေက သာမန် လျှော့ပေါ့ရက်ကို မရသေးဘူး။ သမ္မတရဲ့ ကြေညာချက်မှာတော့ ပေးတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်ပေါ့။”

“ဒီဟာကို သူတို့ ဘယ်လို ဆောင်ရွက်ပေးမလဲ မဆောင်ရွက်ပေးဘူး ဆိုရင်တော့ ဒီတခုတည်းတင် မဟုတ်ဖူး၊ တခြားနေရာတွေမှာ အကြီးအကျယ် လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ နောက်တခုကတော့ ထောင်ပိုင်းနဲ့ ဆိုင်တဲ့ အပိုင်းပေါ့။ ထောင်လက်စွဲ ဥပဒေအရ ပေးသင့် ပေးထိုက်တဲ့ အချက်အလက်တွေ ရှိတယ်။ အဲဒီ အချက်အလက်တွေကို တကယ် အပြည့်အဝ ဖော်ဆောင်ပေးဖို့ လိုတယ်။ ဒါတွေကို မပေးသေးပဲနဲ့ အခြေခံ အကျဆုံးဟာတွေတောင်မှ ချို့တဲ့အောင် ထားမယ်၊ ပိတ်ပင်ထားမယ် ဆိုင်တော့ ဆက်ဖြစ်သွားနေမှာပဲ။”

အကျဉ်းထောင်တွေမှာ အခုလို ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့် ဖိအားပေးလာတဲ့ အခါမျိုးဆိုရင် ထောင်အာဏာပိုင်တွေဖက်က အပေါ်ယံ ဆောင်ရွက်ပေးလေ့ ရှိတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

“တိုက်ပွဲအခြေအနေ အေးသွားတဲ့အခါမျိုးမှာမှ သူတို့က ထောင်ပြောင်း ထည့်တာတို့၊ အခါအခွင့် ကြုံတဲ့အခါမှာ အကြီးစား ပြစ်ဒဏ်ကြီးတွေ ပေးတာတို့နဲ့ နောက်ဆက်တွဲတွေ အရေးယူတတ်တယ်ပေါ့။ အခု ပြေလည်မှု ဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့ အနေနဲ့ သံသယ အများကြီး ရှိတယ်။ နောက်ဆက်တွဲ ဘယ်လိုတွေ ဖြစ်ပေါ်လာနိုင်သလဲ ဆိုတဲ့ဟာကိုလည်း သတိကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။”

အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား အများစုမှာ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတာကြောင့် တီဘီရောဂါ၊ အကြောရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်ရောဂါ စတာတွေ အသီးသီး ခံစားနေရပါတယ်။

ဆန္ဒပြ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမိုးကျော်က သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။