ပဲခူးတိုင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု စတင်

ပဲခူးတိုင်း အနောက်ဖက်ခြမ်း၊ သာယာဝတီခရိုင် အတွင်းရှိ ၈ မြို့နယ် NLD အဖွဲ့ဝင်တွေဟာ မြန်မာအစိုးရသစ် သမတ ဦးသိန်းစိန်ဆီကို နိင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံစာနဲ့ Signature Campaign စီမံချက်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌက ဧပြီ ၂၇ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

2011.04.27
prisoners_photos_board_305_z.jpg မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေကတော့ လက်ပံတန်း ဇီးကုန်း၊ မင်းလှ၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ သုံးဆယ်၊ သာယာဝတီစတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

မြို့နယ်လူထုဟာလည်း ဒီစီမံချက်အပေါ် အထူး စိတ်ဝင်တစားနဲ့ ပါဝင် လုပ်ဆောင်လာတာ တွေ့ရကြောင်း သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသွားပါတယ်၊

အခုလို လူထုလက်မှတ် ကောက်ယူတဲ့ စီမံချက်ကို သာယာဝတီခရိုင်ဖက်မှာ ဧပြီ ၂၆ ရက် မနေ့က စတင်ခဲ့တာဟာ ဧပြီ ၂၅ ရက်နေ့က NLD ဗဟိုမှာ ပဲခူးတိုင်းအရှေ့နဲ့ အနောက်ခြမ်းက မြို့နယ် ၂၈ မြို့နယ်က NLD ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ဒီစီမံချက် ဆောင်ရွက်ဖို့ ပုံစံစာရွက်တွေ ဒေါ်ဖြူဖြူသင်းတို့ အဖွဲ့က ဖြန့်ဝေပေးခဲ့ပါတယ်။

ဒီပုံစံစာရွက်တွေနဲ့ မနေ့က သာယာဝတီခရိုင် ၈ မြို့နယ်မှာ ဒီစီမံချက်ကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ လူထုအနေနဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်လို့လည်း သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်မြင့်က အခုချိန်ထိ သာယာဝတီနဲ့ သုံးဆယ်မြို့နယ်တွေမှာ လူထုလက်မှတ် ကောက်ယူခဲ့တာ လက်မှတ် ၇၀၀ ကျော် ကောက်ခံ ရရှိပြီလို့လည်း ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။