အင်းစိန်ထောင်မှာ အကျဉ်းသားများ ဆန္ဒပြနေ
2011.05.23

အင်းစိန်ထောင် အမျိုးသားဆောင်က နိုင်ငံရေးအကျဉ်းသား အပါအဝင် ၂၂ ဦးဟာ တောင်းဆိုချက် ၆ ချက်ကို မနေ့က ထောင်အာဏာပိုင်တွေထံ တင်ပြ တောင်းဆိုခဲ့ကြပါတယ်။ သူတို့အားလုံးဟာ အခန်းပြင် မထွက်ပဲ ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဒီနေ့ ၂ နာရီလောက်က သတင်းကြားတာတော့ အဲဒီလူတွေ ဆန္ဒပြတဲ့လူက ဆက်ပြနေတယ်။ တချို့ကိုလည်း လူစုခွဲတဲ့အနေနဲ့ တိုက်ထဲ ပို့ထားတယ်လို့ ကြားတယ်။ ဆန္ဒပြတာ နိုင်ငံရေး အကျဉ်းသားတွေပါ။”
“အဲဒီမှာ ရခိုင် အုပ်စုထဲက တချို့ ရှိတယ်ဆိုတာ၊ နောက် တခြား အုပ်စုတွေလည်း ရှိတယ်။ ပထမဆုံး ကျွန်တော်တို့ သိတာတော့ အဲဒီ ရခိုင်အုပ်စုက စတယ်လို့ပဲ ပြောကြတယ်။ ခိုင်ကျော်မိုးတို့၊ ခိုင်ကျော်လင်းလား၊ နောက် ရဲထက်စိုးတို့ ၇ ယောက် ရှိတယ်။”
ဒီကနေ့ နေ့လည် ၂ နာရီခန့်မှာတော့ ဆန္ဒပြသူတွေထဲက တချို့နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်ပေးရင် ပို့လေ့ရှိတဲ့ စစ်ခွေးတိုက်ထဲ ပို့လိုက်တယ်လို့ သိရပါတယ်။
အင်းစိန်ထောင်အတွင်းက အကျဉ်းသားတွေအားလုံးဟာ အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့အတွက် အခုလို ဆန္ဒပြမှုတွေ ဖြစ်လာတာလို့ အင်းစိန်ထောင်နဲ့ နီးစပ်သူ နောက်တဦးက ပြောပါတယ်။
“၁၇ ရက်နေ့က ဒီ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အချိန်မှာ သူတို့က ထောင်အာဏာပိုင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီးတော့ သူတို့ လုံးဝ ကျေနပ်မှု မရှိဘူး၊ အဲဒီအတွက် သူတို့ အစာငတ်ခံ ဆန္ဒပြမယ်ဆိုပြီးတော့ သူတို့ ထောင်အာဏာပိုင်တွေကို အကြောင်းကြားတယ်။ အဲဒီကနေ စပြီးတော့ သူတို့ ထမင်းမစားပဲ နေခဲ့တာ မနေ့က ၂၂ ရက်နေ့အထိ၊ အဲဒီအချိန်မှာ မနေ့က ၂၂ ရက်နေ့ ညကျတော့ သူတို့ ၁၀ ယောက်လုံး ည ၂ ချက်ထိုးလောက်မှာ လာခေါ်သွားပြီးတော့ တိုက်ပိတ်လိုက်တယ်လို့ ပြောသံကြားရပါတယ်။”
ဆန္ဒပြနေသူ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေထဲမှာ ထောင်တွင်း သန့်ရှင်းရေး၊ သန့်ရှင်း လတ်ဆတ်တဲ့ အစားအစာ ရရှိရေး၊ လူ့ဂုဏ်သိက္ခာကို မထိခိုက်စေသော ဝတ်စုံကို ၆ လ တကြိမ် လဲပေးရေး၊ ထောင်တွင်း ကြမ်းပိုးအလွန်ကိုက်၍ ပိုးသတ်ဆေး ဖျန်းပေးဖို့ တောင်းဆိုချက်တွေ ပါတယ်လို့ သိရပါတယ်။