ဘဏ်ငွေထုတ်ရာမှာ ကန့်သတ်မှု ရှိနေတယ်လို့ ကိုယ်တိုင် ထုတ်ယူသူတွေပြော

RFA Burmese
2023.11.21
ဘဏ်ငွေထုတ်ရာမှာ ကန့်သတ်မှု ရှိနေတယ်လို့ ကိုယ်တိုင် ထုတ်ယူသူတွေပြော ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲတစ်ခုတွင် ငွေထုတ်ရန်စောင့်ဆိုင်းနေကြသူများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကတွေ့ရစဉ်။
Photo: RFA

ပုဂ္ဂလိကဘဏ်ကနေ ငွေထုတ်ယူရာမှာ လိုချင်တဲ့ ပမာဏအတိုင်း ထုတ်ယူလို့မရဘဲ ကန့်သတ်ထားတာတွေ ရှိနေတယ်လို့ နိုဝင်ဘာလ ၂၁ ရက်ဒီနေ့ ရန်ကုန်မြို့က ပုဂ္ဂလိကဘဏ်အချို့မှာ ငွေထုတ်ယူခဲ့သူတွေက ပြောပါတယ်။

ငွေသားထုတ်တဲ့အခါ လူတစ်ဦးချင်း သိန်းနှစ်ဆယ်နဲ့ ကုမ္ပဏီအတွက် သိန်းနှစ်ရာအထိသာ ကန့်သတ်ထုတ်ပေးတယ်လို့ ကမ္ဘာအေးလမ်းမပေါ်က ဘဏ်ခွဲတစ်ခုမှာ ထုတ်ယူခဲ့တဲ့ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့က ကုမ္ပဏီအတွက် လာထုတ်တာ။ ကုမ္ပဏီတွေဆို သိန်းနှစ်ရာလောက် ထုတ်ပေးတယ်။ အကန့်အသတ်နဲ့။ ဘဏ် တစ်ခုပြီးတစ်ခု သွားနေရတယ်”

ဒါပေမဲ့ ဒီနေ့မှာတော့ ဘဏ်တွေမှာ ပုံမှန် နေ့တွေထက် လူအနည်းငယ်ပဲ ပိုများပြီး တန်းစီတဲ့ အခြေအနေအထိတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

သာကေတမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကလည်း အလိုအလျောက် ငွေထုတ်စက် (ATM) မှာ ငွေထုတ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘဲ ဘဏ်စာအုပ်နဲ့သာ သွားထုတ်ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်ကတော့ ငွေသားထုတ်ယူမှုကို ကန့်သတ်တာ မရှိဘူးလို့ စစ်ကောင်စီရဲ့ မီဒီယာတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့က ဖြေထားတာပါ။

ဒါပေမဲ့ ငွေသား သန်းတစ်ရာ (ကျပ်သိန်းတစ်ထောင်) အထက် ထုတ်ယူမှုတွေကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)၊ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး) နဲ့ ဗဟိုဘဏ်က စောင့်ကြည့်နေပြီး ဈေးကစားမှုတွေမှာ ပါဝင်ပတ်သက်နေရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ပြောထားပါတယ်။

ပုဂ္ဂလိက ဘဏ်တွေကို ဖုန်းဆက်သွယ်မေးမြန်းရာမှာတော့ ငွေထုတ်ယူမှုကို ကန့်သတ်တာမျိုး မရှိပေမယ့် ကိုယ်သွားရောက်ထုတ်ယူမယ့် ဘဏ်ခွဲကို ကြိုတင် ဖုန်းဆက်ပြီးမှ သွားရောက်ဖို့ ပြန်လည်ဖြေဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ငွေကျပ်တန်ဖိုး ကျဆင်းတာ၊ ဘဏ်တွေကို ယုံကြည်မှု ကျဆင်းလာတာတွေကြောင့် ၂၀၂၁ ခုနှစ် မတ်လဝန်းကျင်ကလည်း ဘဏ်တွေကနေ ငွေထုတ်ယူသူ အများအပြား ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။