ပိုင်ရှင်ရှိ လယ်ယာမြေများပေါ်မှာ ပုဂ္ဂလိက ကုမ္ပဏီကို ရွှေတူးခွင့်ပေး
2011.03.09
ဦးတင်ဌေးဆိုသူပိုင် ရွှေမြရီကုမ္ပ္ပဏီက လုပ်ကွက် ၈ ကွက်မှာ အခုလို ရွှေရှာဖွေနေတာ ဖြစ်ပြီး ဘိုးဘွားပိုင် လယ်ယာမြေတွေ ပျက်စီးကုန်တဲ့ အဲဒီ တောင်သူဦးကြီးတွေနဲ့ ရင်းနှီးသူ ဗန်းမောက်မြို့ခံတဦးက အခုလို ပြောပြပါတယ်၊
“ဦးဝင်းမောင်၊ ဦးကျော်ဖေ ပိုင်ဆိုင်သော ဂရန်ပေါက်ပြီး လယ်မြေတွေကို SBM 263 အနေနဲ့ ရွှေမြရီ ကုမ္ပဏီကနေပြီးတော့မှ နိုင်ငံတော်မှာ လျှောက်ပြီးမှ လယ်သမားရဲ့ ခွင့်ပြုချက် မရပဲနဲ့ ရွှေတူးဖော်ရေး လုပ်နေတာ။ လယ်ယာမြေပါရင် နိုင်ငံတော်ကနေ ခွင့်မပြုဘူးလို့ ပြောတာကို အခု အဲဒီ ရွှေမြရီ ကုမ္ပဏီကို ဘယ်လိုလုပ် ခွင့်ပြုလဲ ကျွန်တော်တို့လည်း မပြောတတ်ဖူး။ ဘာဖြစ်လဲ ဆိုတဲ့အခါကျတော့ အဲဒီ ဒေသမှာ ရှိတဲ့ ကျွန်တော်တို့ လယ်ယာမြေတွေဟာ တောင်သူတွေဟာပေါ့လေ၊ ဒီတိုင်းသာ သွားမယ်ဆိုရင် ၂၀၁၂ ခုနှစ် ကုန်ပိုင်းလောက်မှာ ကျွန်တော်တို့ အဲဒီက လယ်ယာမြေတွေက အကုန်လုံး ကုန်သွားမဲ့ သဘောရှိတယ်။ ကျွန်တော်တို့ ရွှေတူးတဲ့အခါကျတော့ ဒီ လယ်ယာမြေတွေ အကုန် ပျက်စီးသွားလိမ့်မယ်ပေါ့ဗျာ။”
တောင်သူဦးကြီးတွေနဲ့ နီးစပ်သူ ဒေသခံတဦးကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလို ဖြည့်စွက် ပြောပြပါတယ်၊
“ဦးတင်ဌေးပိုင်တဲ့ ရွှေမြရီ ကုမ္ပဏီကနေပြီးတော့ သူက သတ္ထုတွင်း ဝန်ကြီးဌာနကို လုပ်ကွက်အမှတ်တွေနဲ့ လျှောက်ပစ်လိုက်တာ။ အဲဒီ လျှောက်ပစ်လိုက်ပြီးတော့ အဲဒါတွေကို သတ္ထုတွင်း ဝန်ကြီးဌာနကလည်း အမှန်ဆိုရင် ထုံးစံအတိုင်း လယ်ယာမြေဆိုရင် သူတို့က ခွင့်ပြုချက် ချလို့ မရဘူးဗျ။ အဲဒါကို သူက ခွင့်ပြုမိန့် ချပေးထားတယ်။ နောက်ပြီးတော့ အဲဒီမှာ အခု မြေသယ်ဒမ့်တွေရယ်၊ နောက်ပြီးတော့ ၆ လုံး၊ ၈ လုံး၊ ၁၀ လုံး အင်ဂျင်တွေ အသုံးပြုနေတဲ့အတွက်ကြောင့် ကျေးရွာမှာ ရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူတွေအတွက်ပေါ့နော်၊ အဲဒီ အသံတွေရော နောက်ပြီး သူတို့ လယ်ယာလုပ်ငန်းတွေမှာလည်း ထိခိုက်နေတယ်။”
အခုလို ဘိုးဘွားပိုင် လယ်ယာမြေတွေမှာ အစိုးရ ခွင့်ပြုမိန့် ကိုင်ပြီး ရွှေတူးဖော်တဲ့ လုပ်ငန်း အတင်းအဓမ္မ လုပ်ကိုင်နေတဲ့အတွက် အဲဒီလယ်ယာမြေတွေပေါ် မှီတင်း အလုပ်လုပ်ကိုင်နေရသူတွေ၊ သူတို့ မိသားစုတွေအနေနဲ့ ထိခိုက် နစ်နာနေရတာကို ဗန်းမောက်မြို့နယ် မယကကို တိုင်ကြားခဲ့ပေမဲ့ ဘာမှ ဖြေရှင်းမပေးဘူးလို့လည်း သိရပါတယ်။