ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ အမှုတွေ မီဒီယာတွေဆီမဖြေဖို့ ရှေ့နေတွေ ထပ်မံတားမြစ်ခံရ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ အမှု အကြောင်းတွေနဲ့ ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပမီဒီယာတွေကို ထုတ်ဖော်ပြောဆိုတာတွေမလုပ်ဖို့ ရှေ့နေအဖွဲ့ထဲက နောက်ထပ် နှစ်ဦးကို ထပ်မံတားမြစ်လိုက်ပါတယ်။
အဲဒီအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် တားမြစ်ခံရပြီး နောက်တစ်ရက် အောက်တိုဘာ ၁၅ ရက် မနေ့ညပိုင်းက တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့ ဦးသဲမောင်မောင်တို့နှစ်ဦးကို ပြည်တွင်း၊ ပြည်ပမီဒီယာတွေဆီ မဖြေ ကြားဖို့ ပိတ်ပင်ခံခဲ့ရတာလို့ သူတို့နဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းကတဆင့် RFA က စုံစမ်းသိရပါတယ်။
ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က “ ကျနော့် လုပ်ဖော်ကိုင်ဖက် ဦးသဲမောင်မောင်နဲ့ ဒေါ်မင်းမင်းစိုး ပါးစပ်ပိတ်ခံလိုက်ရပါပြီ” ဆိုတဲ့ စာသားကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ရဲ့ အမှုလိုက် ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စန်းမာလာညွန့် ကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လက သူနေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခေါ်ယူပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာတွေနဲ့ ပြည်ပအဖွဲ့အစည်းတွေကို အင်တာဗျုးမဖြေဖို့နဲ့ မဆက်သွယ်ဖို့ ဝန်ခံကတိ လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။
ဒါကြောင့် အခု ဒီအမှုတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာတွေ မလုပ်ဖို့ ကန့်သတ်ခံထားရတဲ့ ရှေ့နေ လေးဦးထိ ရှိလာပါပြီ။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းတွေနဲ့ ဒေါ်လာတွေပေးခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “အားလုံးဟာအဓိပ္ပယ်မဲ့တယ်” လို့ ပြောဆို တုံ့ပြန်ခဲ့တဲ့အကြောင်းကို ရှေ့နေအဖွဲ့က မီဒီယာကို ထုတ်ဖော်ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေ မီဒီယာတွေကို ဖြေကြားနေလို့ ဖိအားပေးခံရတာ တွေရှိခဲ့တယ်လို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က စစ်တပ်ကအာဏာသိမ်းတဲ့နေ့က သူ့ကို သမ္မတရာထူးကနေ ဖိအားပေး အနားယူခိုင်းခဲ့တယ်ဆိုတဲ့အကြောင်း တရားခွင်က ထွက်ဆိုချက်တွေကို မီဒီယာတွေဆီ ပြောဆိုပြီးတဲ့ နောက်မှာတော့ စစ်ကောင်စီက အခုလို့ ကန့်သတ်မှုတွေကို လုပ်လာတာပါ။
လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ တရားရုံးချိန်းမှာဆိုရင် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ မျိုးအောင်တို့ သုံးဦးကိုစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့စွဲထားတဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုဖို့ရှိနေတာပါ။
ရှေ့နေတွေကို မီဒီယာတွေဆီဖြေဖို့ ကန့်သတ်ထားတာကြောင့် နောက်ပိုင်း တရားရုံးချိန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးတော်မှာ ထွက်ဆိုချက်တွေကို အများပြည်သူသိရှိခွင့် ရှိ၊ မရှိကတော့ မသိရသေးပါဘူး။