မင်းတပ်မြို့ကို စားနပ်ရိက္ခာနှင့် အသုံးအဆောင် တင်သွင်းခွင့် အပိတ်ခံရ

2021.10.19
မင်းတပ်မြို့ကို စားနပ်ရိက္ခာနှင့် အသုံးအဆောင် တင်သွင်းခွင့် အပိတ်ခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ မတ် ၈ ရက်နေ့က မင်းတပ်မြို့မှာ တွေ့ရစဉ်
Photo: RFA

စစ်တပ်ဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ ဖိနပ်တွေ သယ်ယူခွင့်မပေးဘဲ တင်သွင်းလာသူအချို့ကိုလည်း ဖမ်းဆီးတာတွေ ရှိနေတယ်လို့ မင်းတပ်ဒေသခံတွေက RFA ကို ပြောပါတယ်။

ချင်းပြည်နယ်မှာ ဆောင်းရာသီ၀င်စ ဖြစ်နေတာကြောင့် အအေးဒဏ်ခံနိုင်ဖို့ အနွေးထည်နဲ့ ညှပ်ဖိနပ်တွေ တင်သွင်းသယ်ယူတာတွေ ရှိပေမယ့် မင်းတပ်မြို့အ၀င်ဂိတ်အားလုံးကို စစ်တပ်က ပိတ်ပင်ထားပြီး စစ်ဆေး နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့ စားသောက်ကုန်တွေအပြင် အခု ဆောင်းရာသီဝင်တော့မှာဆိုတော့ အနွေးထည် လိုအပ် တာပေါ့၊ မကွေးတိုင်းကနေ မင်းတပ်မြို့အ၀င် ဂိတ်ပေါက်တွေအားလုံး စစ်သားတွေစောင့်နေတယ်၊ အရင်ကတော့ စားသောက်ကုန်တွေပဲ သယ်ခွင့်မပေးတာ၊ အခု အနွေးထည်နဲ့ ဖိနပ်တွေကိုပါ သယ်လာတာ နဲ့ ဖမ်းတာမျိုး လုပ်လာတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အခုလို ပိတ်ပင်တာဟာ ချင်းကာကွယ်ရေးတပ် (CDF) တွေဆီကို စားနပ်ရိက္ခာနဲ့ အဝတ်အထည်ပစ္စည်းတွေ မရောက်စေချင်တာကြောင့် ဖြစ်တယ်လို့လည်း မင်းတပ်ဒေသခံက ဆိုပါတယ်။

လက်ရှိ မင်းတပ်မြို့နယ်ထဲက ရွာအချို့မှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာ ငါးရက်ခန့် ရှိလာပြီဖြစ်တာကြောင့် တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်လို့မရတော့ဘူးလို့ မင်းတပ်ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်ထဲမှာ ဟားခါးမြို့ကလွဲပြီး ကျန်တဲ့ ရှစ်မြို့နယ်မှာ စက်တင်ဘာ ၂၃ ရက်နေ့ကစလို့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ချခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။