ရှမ်းပြည် စစ်ဘေးဒုက္ခသည်အရေး လွှတ်တော်ကို အဆိုတင်
2015.11.23

ရှမ်းပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိထိရောက်ရောက် တာဝန်ယူကူညီပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆို ကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်ဖို့ အတည်ပြုလိုက်ပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေရှိနေတဲ့အတွက် အစိုးရအနေနဲ့ တာဝန်ယူ ကူညီစောင့်ရှောက်ပေးဖို့ ရှမ်းပြည်နယ် ကျေးသီးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက တိုက်တွန်းကြောင်း တင်သွင်းခဲ့ပါတယ်။
"စစ်ပြေးရှောင်များရဲ့ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားဝတ်နေရေး စတဲ့ လူမှုကိစ္စအဝဝကို လတ်တလောဖြည့်ဆည်းပေးရန် လိုအပ်လျှက်ရှိနေပါသဖြင့် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးနိုင် ပါရန် ပြန်လည်ထူထောင်ပေးရေးလုပ်ငန်းများလည်း ထိထိရောက်ရောက် အမြန်ဆုံးအကောင်အထည်ဖော် ပံ့ပိုးကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုအား လေးစားစွာတင်ပြအပ် ပါတယ်"
လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို တပ်မတော်အနေနဲ့ ကာကွယ်စောင့်ရှောက်ပေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်က လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ပါ လိုက်နာရမည့်အချက်များအတိုင်း စီမံဆောင်ရွက်လျှက်ရှိသည်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး၊ နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်လျှက် ရှိပါကြောင်းနဲ့ တချိန်တည်းမှာလည်း ပြည်သူလူထုကိုလည်း စောင့်ရှောက်ကူညီမှုများ ပြုလုပ်ပေးနေပါကြောင်း ရှင်းလင်းအပ်ပါတယ်ခင်ဗျာ"
ဦးစိုင်းအွမ်ဆိုင်မိုင်း တင်သွင်းတဲ့ အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်နဲ့ အစိုးရက ကူညီပေးမှုတွေ ရှိနေပြီဖြစ်တဲ့အတွက် အဲဒီအရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ မှတ်တမ်းတင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်ကစပြီး အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ဝမ်ဟိုင်းအဖွဲ့တို့ တိုက်ပွဲ ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံ ၉ထောင်နီးပါးရှိတယ်လို့လည်း သိရပါတယ်။
ဒုက္ခသည်တွေ အခြေအနေနဲ့ ပတ်သက်ပြီး နမ့်စန်မြို့နယ် NLD ပါတီ ဥက္ကဌ ဦးနေဇော်နိုင် ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။