မလေးရှားရောက် မြန်မာတွေ ကူညီရေး သံရုံး ဦးဆောင်ပြီး ဖွဲ့စည်း
2016.07.18
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို အကူအညီတွေပေးနိုင်ဖို့ အတွက် မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော်မြင့် ဦးဆောင်ပြီး မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို မနေ့က ယာယီဖွဲ့စည်းလိုက်ပါတယ်။
မလေးရှားမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကျန်းမာရေး၊ နာရေးကိစ္စတွေ အပါအဝင် ထိန်းသိမ်းရေးစခန်းမှာ ရှိနေတဲ့ အလုပ်သမားတွေကို မြန်မာနိုင်ငံ ပြန်ပို့နိုင်ရေးတို့ကို ဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ အဲ့ဒီယာယီအဖွဲ့ မှာ ပါဝင်တဲ့ ကပုန်း ၇ ရက် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်းက ပြောပါတယ်။
"မလေးရှားတစ်နိုင်ငံလုံးမှာလည်း တစ်နေရာနဲ့ တစ်နေရာ သွားလာရေးဟာ အရမ်းဝေးကွာပါတယ်၊ မြန်မာ သံရုံးကလည်း မလေးရှား ကွာလာလမ်ပူမြို့မှာပဲ ရုံးအခြေစိုက်တဲ့အခါမှာ တစ်နေရာနဲ့တစ်နေရာမှာဖြစ် တဲ့ ပြဿနာတွေ အားလုံးဟာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့က မကူညီနိုင်ဘူးဖြစ်နေကြတယ်၊ ဒါတွေအားလုံးကို တစုတစည်းထဲဖြစ်အောင် မြန်မာသံအမတ်ကြီးက စတင်ပြီးဖွဲ့စည်းလိုက်တာဖြစ်ပါတယ်၊ မလေးရှားမှာရှိတဲ့ ကျန်းမာရေးမကောင်းတဲ့လူတွေ နောက်တစ်ခု နာရေးကိစ္စတွေမှာ ကြုံတွေ့တဲ့အခက်အခဲတွေ ရဲတွေ ဖမ်းဆီးတာတွေ ဒါတွေအားလုံးကို သံရုံးအနေနဲ့လည်း လူအင်အားအနေနဲ့က မပြည့်စုံနိုင်ဘူးပေါ့"
အဲ့ဒီအဖွဲ့မှာ မြန်မာနိုင်ငံသံရုံးက သံအမတ်ကြီး၊ ဒုတိယသံအမတ်ကြီး၊ စစ်သံမှူး၊ သံရုံးအတွင်းဝန်၊ အလုပ်သမားရေးရာ သံအရာရှိတွေနဲ့ မလေးရှားနိုင်ငံမှာ ရှိတဲ့ မြန်မာလူမှုအဖွဲ့အစည်းပေါင်း ၅၀ ကျော် ပါဝင်ပါတယ်။
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ သန်း ရှိပြီး မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေ တဲ့ မြန်မာနိုင်ငံသား ၃ ထောင်ကျော်လောက်ရှိတယ်လို့ ဦးဆန်းဝင်း က ပြောပါတယ်။
အဲ့ဒီထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ကျခံပြီးပေမယ့် နေရပ်မပြန်နိုင်သူတွေကို သံရုံးနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံကို ပြန်ပို့ပေးနေတာ ၃၀၀ နီးပါးရှိပြီလို့လည်း ပြောပါတယ်။
အဲ့ဒီအဖွဲ့မှာ ပါဝင်တဲ့ ကပုန်း ၇ ရက် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်း ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။