မွန်ဒေသခံတွေ ခနောက်စိမ်းစက်ရုံကို ဆန္ဒပြ


2018.07.22
antimony-protest-622.jpg မော်လမြိုင်မြို့နယ် ညောင်ပင်ဆိပ်ရွာမှာရှိတဲ့ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံကို ၂၀၁၈၊ ဇူလိုင် ၂၂ ရက်နေ့က ဒေသခံတွေ ကန့်ကွက် ဆန္ဒပြစဉ်
Photo: RFA

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ညောင်ပင်ဆိပ်ရွာမှာရှိတဲ့ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံက စွန့်ပစ်အညစ် အကြေးတွေနဲ့ မီးခိုးငွေ့တွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်ကြရသလို စပါးပင်တွေလည်း ပျက်စီးကုန်တယ် ဆိုပြီး ဒေသခံ ၃၀၀ နီးပါးလောက် ဒီကနေ့ ကန့်ကွက် ဆန္ဒပြကြပါတယ်။

အဲဒီစက်ရုံက ထွက်တဲ့ အညစ်အကြေးတွေကို စနစ်တကျ စွန့်ထုတ်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ တောင်သူ ဦးစိုးလှိုင်က ပြောပါတယ်။

"လည်တာမှဗျာ တစ်နေကုန်၊ တစ်ညလုံး လည်တယ်၊ အဲဒီအငွေ့တွေနဲ့ အနားကရှိတဲ့လူတွေလည်း မခံနိုင်ဘူး ဖြစ်နေတယ်၊ မိုးဦးကျ လုပ်နေကျ စပါးခင်းတွေဟာ သူ့ဘေးနားမှာပဲ ဖြစ်နေတယ်၊ ဒီခနောက်စိမ်းရုံဘေးနားမှာ ပဲပေါ့၊ လယ်ကွင်းထဲဆင်းလိုက်တော့ ရေတွေက ပူနေတယ်၊ ဒီလောက်မိုးရွာတာတောင် ပူနေတယ်၊ အပေါ်ကနေ လွှတ်ချနေတာပေါ့ဗျာ။ ကန်ကနေ ရေဆိုးတွေပေါ့"

အဲဒီစက်ရုံက စွန့်ပစ်ရည်တွေကို စက်ရုံဘေးမှာ စိုက်ပျိုးထားတဲ့ လယ်ကွက်တွေထဲ စွန့်ထုတ်တာကြောင့် စပါးပင်တွေ ပျက်စီးကြသလို မီးခိုးငွေ့တွေကြောင့် အနီးပတ်ဝန်းကျင် နေထိုင်သူတွေအတွက် အသက်ရှုကျပ်တာတွေလည်း ခံစားနေရတယ်လို့ ပြောပါတယ်။

စွန့်ပစ်ရည်တွေကို စနစ်တကျရှိစေဖို့ စက်ရုံကို သွားပြောခဲ့ပေမယ့်လည်း ထိထိရောက်ရောက် မလုပ်ကြတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ အရေးယူပေးဖို့ အခုလိုဆန္ဒပြတောင်းဆိုတာလို့ ပြောပါတယ်။

အဲဒီစက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး နေ့ရောညပါ လည်ပတ်နေတာလို့ ဆန္ဒပြသူတွေ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။