အနံ့ဆိုးထွက်တဲ့ ခနောက်စိမ်းစက်ရုံတွေကို အရေးယူမည်


2018.07.10
antimony-factory-mawlamyine-622.jpg မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းစက်ရုံတစ်ရုံကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မော်လမြိုင်စက်မှုဇုန်မှာရှိတဲ့ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံတွေကနေ ဆာလ်ဖာဒိုင်အောက်ဆိုက် ထွက်ရှိမှု သတ်မှတ်စံနှုန်းထက် မြင့်တက်နေတာတွေကို ထိန်းချုပ်မှုမလုပ်ရင် ဥပဒေနဲ့အညီ အရေးယူသွားမယ် လို့ ပြည်နယ်ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ပြောလိုက်ပါတယ်။

ဒီနေ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ခနောက်စိမ်း စက်ရုံတွေကနေ အနံ့ထွက်တာတွေကို ဘယ်လိုအရေးယူမလဲလို့ သတင်းသမားတွေက မေးမြန်းရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ဖြေတာဖြစ်ပါတယ်။

"ဒီစက်ရုံနှစ်ခုက  ထွက်လာတဲ့ ကျနော်တို့ သတ်မှတ်စံချိန်စံနှုန်းထက် ပိုနေမယ်ဆိုရင် ၁ အချက်  ထိန်းချုပ်ရပါမယ်၊  ၂ အချက် လျော့ချရပါမယ်၊ ၃ အချက် ပပျောက်အောင်  လုပ်ဆောင်ရပါမယ်၊ ဒီအချက် ၃ချက်ကို စက်ရုံက မလိုက်နာနိုင်ဘူးဆိုရင်  လုပ်နည်းလုပ်ထုံးနဲ့အညီ အရေးယူဆောင်ရွက်သွားမယ့် အကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်"

မော်လမြိုင်စက်မှုဇုန်မှာ ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ ၆ ရုံရှိပြီး အဲဒီထဲက မြန်မာရှင်းရှင်းခနောက်စိမ်း စက်ရုံ၊ မြန်မာဆန်းဇော်ခနောက်စိမ်းစက်ရုံနဲ့ အရှေ့မြောက်ဆင်ဖြူတော် ခနောက်စိမ်းစက်ရုံတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာစတင်ကာ ပြည်နယ်အစိုးရက လည်ပတ်ခွင့်ပြုထားတယ်လို့ မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကနေ သိရပါတယ်။

အဲဒီစက်ရုံတွေကနေ အနံ့ဆိုးထွက်ရှိတာကြောင့် ဒေသခံတွေက မွန်ပြည်နယ်အစိုးရအဖွဲ့ကို တိုင်ကြားတာတွေ ရှိခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက မြန်မာရှင်းရှင်းစက်ရုံနဲ့မြန်မာဆန်းဇော်စက်ရုံတဝိုက်က ပတ်ဝန်းကျင်မှာ လေထုအခြေအနေကို ၃ ရက်တာတိုင်းတာတဲ့အခါ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဟာ သတ်မှတ်စံနှုန်းနဲ့ မြင့်တက်တာတွေ တွေ့ရတယ်လို့ ဒေါက်တာမင်းကြည်ဝင်း က ပြောပါတယ်။

အဲဒီခနောက်စိမ်းစက်ရုံတွေကို လေထုညစ်ညမ်းမှု လျော့ချရေးထိန်းချုပ်တဲ့ စက်ကိရိယာတပ်ဆင်ရေး၊ မီးခိုးခေါင်းတိုင်တွေကို ပေ ၃၀ ထက်ပိုမြင့်အောင် မြှင့်တင်ပေးဖို့လည်း ဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

သတ်မှတ်ထားတဲ့ ယမ်းပမာဏထက် ပိုမိုအသုံးပြုပြီး ပြည်နယ်အတွင်း ကျောက်မိုင်းခွဲတာတွေကို အရေးယူမှာဖြစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် မိန်မလာတောင်မှာ ကုမ္ပဏီတစ်ခုက စစ်လက်ကျန်ပစ္စည်းတွေ ရှာဖွေနေတာကို ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်နဲ့ တားမြစ်ထားတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။