မောင်တောမြို့မှာ ကိုယ်စားလှယ်လောင်း ဦးခင်ဇော်မြင့်ကို လူ ၂ဝဝ ခန့် ဆန္ဒပြ
2015.11.03

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မယ့် ဦးခင်ဇော်မြင့်ကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ပေးဖို့အတွက် မောင်တောမြို့ ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဦးခင်ဇော်မြင့် ကိုင်ဆောင်ထားတဲ့ နိုင်ငံသားမှတ်ပုံတင်ထဲမှာ ကမန်လူမျိုးလို့ ပါရှိပေမယ့် သူ့ရဲ့မိဘတွေနဲ့ သူ့ရဲ့အိမ်ထောင်စုစာရင်းကို စစ်ကြည့်ရာမှာ ကမန်လူမျိုးမဟုတ်တာကို တွေ့ရတဲ့အတွက် ကန့်ကွက်တာ လို့ မောင်တောမြို့နယ် ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ဦးစိန်လှဖြူက ပြောပါတယ်။
"ကမန်လွှတ်တော်အမတ်ကို ကျနော်တို့ကနေပြီးတော့ ဟုတ် မဟုတ်ဆိုပြီး သူတို့ မွေးရာဇာတိ၊ သူ့ရဲ့ အိမ်ထောင်စုစာရင်းကို လိုက်ကြည့်တဲ့အချိန်ခါ ကုလားအဖြစ် ဖြစ်နေတဲ့အချိန်မှာ ပြည်ထောင်စုအစုအစိုးရက အမြန်ဆုံးဖြေရှင်းပေးပါဆိုပြီး ကျနော်တို့ တောင်းဆိုတယ်"
ဦးခင်ဇော်မြင့်ဟာ အစ္စလာမ်ဘာသာဝင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်ပြီး အဲ့ဒီပါတီက ကိုယ်စားလှယ်လောင်း ၁၈ ယောက်တင်ရာမှာ ကော်မရှင် က ၃ ယောက်ကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဦးခင်ဇော်မြင့်ကတော့ သူ့ကို ကမန်တိုင်းရင်းသား ဟုတ်၊ မဟုတ်ဆိုတာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသေအချာစိစစ်ပြီးမှ ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
"ရွေးကောက်ပွဲမရှင်ကပဲ ကျနော့်ကို ခွင့်ပြုပြီးထားပြီးသားပဲခင်ဗျ၊ ဒါတွေအားလုံးက စိစစ်ပြီးတော့မှပဲကိစ္စ ခွင့်ပြုထားတာဖြစ်တဲ့အတွက် ကန့်ကွက်မှုတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှိမှာပဲပေါ့လေ၊ ကျနော် ခရိုင်ကော်မရှင်မှာကတည်းကလည်း ဒီလိုပဲ ကန့်ကွက်ခဲ့တာရှိတယ်လေ၊ ခရိုင်ကော်မရှင်မှာ အဲ့ဒီမှာ ကန့်ကွက်ထားတာရှိတယ်၊ ကန့်ကွက်ထားတဲ့ဟာကို ကျနော်အနေနဲ့ ပြန်ပြီးတော့ ပြည်နယ်တွေကို အယူခံတင်တယ်၊ တင်တဲ့အခါကျတော့ ပြည်နယ်ကလည်း အဲ့ဒီလိုမျိုး အယူခံတင်တာကို ပယ်ချထားတယ် ၊ နောက်ပြီးတော့မှ ကျနော်အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်ပြီးတော့တင်တဲ့အခါကျတော့ ခွင့်ပြုပေးထားတာပါ"
ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့တွေက ပယ်ချခဲ့တာကြောင့် အယူခံဝင်ခဲ့တဲ့အတွက် မောင်တောမြို့နယ်က ဦးခင်ဇော်မြင့် တစ်ဦးတည်းကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ဦးခင်ဇော်မြင့်ဟာ ကမန်လူမျိုးမဟုတ်ဘူးဆိုပြီး ကမန်အမျိုးသား တိုးတက်ရေးပါတီကလည်း ရွေးကောက်ပွဲကော် မရှင်ထံ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ တင်ပြထားတယ်လို့ သိရပါတယ်။
ဦးခင်ဇော်မြင့်ကို RFA သတင်းထောက် ကိုဘုန်းမြတ် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။