ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့အကြမ်းဖက်နှိမ်နှင်း
2021.02.09
မြန်မာနိုင်ငံ နေရာအနှံ့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြပြည်သူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်တာ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းတာတွေ ရှိလာပါတယ်။
ဆန္ဒပြနေတဲ့ပြည်သူတွေထဲက မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး နေရာမှာ လဲကျသွားခဲ့တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အလားတူပဲ မန္တလေးမြို့ ၇၃ လမ်းနဲ့ ၃၈ လမ်းကြားမှာ ဆန္ဒပြနေတဲ့ပြည်သူတွေထဲက အမျိုးသမီးတဦးကို ရဲတပ်ဖွဲ့က အဓမ္မ ဖမ်းဆီးခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြပြည်သူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြပြည်သူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာပဲ ရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ ထိုးပြီး လူစုခွဲတာ။ မျက်ရည်ယိုဗုံး သုံးတာ။ သေနတ်ပစ်ဖောက် လူစုခွဲခဲ့တာတွေကို လုပ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့တွေ အဲဒီနေရာက ထွက်သွားချိန်မှာတော့ ဆန္ဒပြလူထုက လမ်းပေါ်မှာ ရှုပ်ပွကျန်ခဲ့တဲ့ အမှိုက်သရိုက်တွေ သိမ်းဆည်းပြီး လူစုခွဲခဲ့ကြပါတယ်။ မမြသွဲ့သွဲ့ခိုင်လိုပဲ ရင်ဘက်ကို ဒဏ်ရာရသွားတဲ့ မန္တလေးက အမျိုးသမီးတဦးကို ရဲတပ်ဖွဲ့က အဓမ္မဖမ်းဆီးခဲ့တဲ့ ဗီဒီယိုတွေကြောင့် လူထုကြားတွေ ဒေါသထွက်နေချိန်မှာပဲ မြန်မာ့ရုပ်မြင်သံကြားနဲ့ စစ်တပ်ပိုင် မြဝတီရုပ်သံတို့က ဖေဖော်ဝါရီ ၉ ရက်နေ့ည သတင်းထုတ်လွှင့်ရာမှာတော့.. အကြမ်းဖက်လူထုကြောင့် ရဲတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိသွားတယ်လို့ ထုတ်လွှင့်သွားခဲ့ပါတယ်။
မန္တလေးနဲ့ နေပြည်တော်က ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နှင်းခဲ့တာကြောင့် ဒဏ်ရာရသူတွေ ရှိနေတာကို ဗီဒီယိုမှတ်တမ်းတွေမှာ မြင်နေရပေမယ့် ဒဏ်ရာရသူ အတိအကျ စာရင်းကို RFA က ကောက်ယူနိုင်ခြင်း မရှိသေးပါဘူး။
အခုဆိုရင် စစ်အစိုးရက ညမထွက်ရအမိန့်နဲ့ လူ ၅ ယောက်ထက်ပိုမစုရ အမိန့် ထုတ်ပြန်ထားပေမယ့် မြန်မာနိုင်ငံအနှံ့က မြို့ကြီးတွေမှာတော့ ဆန္ဒပြပွဲတွေဟာ အရှိန်အဟုန်ကောင်းလာပါတယ်။ မတရားတဲ့ အမိန့်အာဏာ ဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာလည်း ပြည်သူ့ဝန်ထမ်းတွေ ပိုများလာပါတယ်။ လက်ရှိ အာဏာသိမ်း စစ်အစိုးရဟာ ဉပဒေနဲ့ ညီညွတ်တဲ့ အစိုးရ မဟုတ်သလို ထုတ်ပြန်တဲ့ ဥပဒေတွေဟာလည်း ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ မန္တလေးမြို့ ဆန္ဒပြပွဲမှာ ပါဝင်လာတဲ့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးထွန်းကြည်က ပြောလာပါတယ်။
နိုင်ငံအနှံ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ စစ်ကိုင်းတိုင်း ကလေးမြို့ဆန္ဒပြပွဲကိုတော့ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်က ဦးဆောင်နေတာ ဖြစ်ပြီး မနေ့ကဆိုရင် ရှေ့နေတွေ၊ ပညာရေးဝန်ထမ်းတွေ၊ သံဃာတော်တွေနဲ့ ပရဟိတလူမှုရေးအသင်း အဖွဲ့ဝင်တွေပါ ပါဝင်လာတာကြောင့် ဆန္ဒပြသူ တသိန်းခန့် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း မကွေးတက္ကသိုလ်ရှေ့က မနေ့က ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့နဲ့ တပ်စိတ်တစိတ်က လမ်းတွေကို ပိတ်ဆို့ထားပြီး မီးသတ်ကားပေါ်ကနေ ရေပိုက်နဲ့ ပက်ပြီး လူစုခွဲပါတယ်။ အဲဒီအချိန်မှာ လုံခြုံရေးတာဝန်ကျ ရဲတပ်သားသုံးဦးဟာ ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းသွားပါခဲ့ပါတယ်။ မြို့အနှံ့အပြားမှာ ဆန္ဒပြ ပြည်သူလူထုနဲ့ ပူးပေါင်းသွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိနေပေမယ့် စာရင်းအတိအကျ မရရှိသေးပါဘူး။ ဧရာဝတီတိုင်း ပုသိမ်မြို့မှာတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြရင်း ရဲတပ်ဖွဲ့က ဖြိုခွင်းလို့ ထိခိုက် ဒဏ်ရာရတဲ့သူတွေအတွက် ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ကွမ်းခြံရပ်က ရပ်ကွက်သူရပ်ကွက်သားတွေဟာ မနေ့ညနေက ဖယောင်းတိုင်မီးထွန်းပြီး ဆုတောင်းခဲ့ကြပါတယ်။