နယ်စပ်မျဉ်းပေါ်က ဒုက္ခသည်တွေကို ထောက်ပံ့မှု မောင်တောမှာ ကန့်ကွက်


2018.09.10
protest-against-icrc-622 မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မျဉ်းပေါ်ကို ထွက်ပြေးရောက်ရှိနေကြတဲ့ မွတ်စလင်တွေကို ရိက္ခာ ထောက်ပံ့မယ့် ကိစ္စ ကန့်ကွက်ကြောင်း မောင်တောမြို့မှာ ဒေသခံတွေ ၂၀၁၈၊ စက်တင်ဘာ ၁၀ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်
Photo: Sein Hla Phru

မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မျဉ်းပေါ်ကို ထွက်ပြေးရောက်ရှိနေကြတဲ့ မွတ်စလင်တွေကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း (MRCS) နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့က ရိက္ခာ ထောက်ပံ့မယ့် ကိစ္စကို ကန့်ကွက်ကြောင်း မောင်တောမြို့မှာ ဒေသခံ ၃၀၀ လောက် ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ပြီးထွက်ပြေးသွားသူတွေကို ရိက္ခာထောက်ပံ့တာတွေ မလုပ်သင့်ဘူးလို့ ယူဆတဲ့အတွက် အခုလိုကန့်ကွက်တာလို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးစိန်လှဖြူက ပြောပါတယ်။

"သူတို့က အကြမ်းဖက်ပြီး တိုင်းရင်းသားတွေကို သတ်ပြီး အစိုးရကိုလည်း ပုန်ကန်တယ် အဲဒါနဲ့သူတို့ ထွက်ပြေးသွားတာ။ ဒီဟာကို မြန်မာနိုင်ငံ MRCS ရုံးချုပ်ကနေပြီး ရိက္ခာထောက်ပံ့ပေးမယ့်ဟာကို မပေးသင့်ဘူး ဆိုတာကို ကျနော်တို့က ဆန္ဒဖော်ထုတ်တာဖြစ်တယ်။ အခုတော့ မပေးသေးဘူးပေါ့။ ဒါပေမဲ့ ပေးမယ်ဆိုပြီးတော့ သတင်းတွေ ထွက်လာတယ်။ ထွက်လာတော့ ကျနော်တို့ကနေပြီး ဒါဟာမဖြစ်သင့်ဘူး၊ မပေးသင့်ဘူးဆိုပြီး ကြိုတင်ကန့်ကွက်တာပါ"

MRCS နဲ့ ICRC က ပြီးခဲ့တဲ့လက နယ်စပ်မျဉ်းပေါ်မှာရှိတဲ့ မွတ်စလင်တွေရှိရာကို သွားရောက်ကြည့်ရှုခဲ့ပြီး ရိက္ခာ ထောက်ပံ့ပေးမယ်ဆိုတဲ့ သတင်းကို သိရှိရတာဖြစ်တယ်လို့ ဦးစိန်လှဖြူက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ နောက်ပိုင်း ထောင်နဲ့ချီတဲ့ မွတ်စလင်တွေဟာ တောင်ပြိုလက်ဝဲမြို့နယ်အနီးက နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်မှာ တဲတန်းလျားတွေနဲ့ နေထိုင်နေကြတာပါ။

နယ်နိမိတ်မျဉ်းပေါ်မှာ ရှိနေသူတွေရဲ့ အသက်ရှင်နေထိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို မြန်မာဘက်ခြမ်းကပေးဖို့ ကြက်ခြေနီလှုပ်ရှားမှုကို ဖိတ်ခေါ်ထားပြီး အာဏာပိုင်တွေ၊ ရပ်ရွာလူထုခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ဒီနေ့ ညနေ ရှင်းလင်းချက်တစ်စောင်ကို RFA ကို ပေးပို့ခဲ့ပါတယ်။

ကြက်ခြေနီလှုပ်ရှားမှု မိတ်ဖက်အဖွဲ့ဝင်တွေဟာ အကူအညီလိုအပ်နေသူတွေကို ကြားနေပြီး ခွဲခြားမှုမရှိဘဲ အရေးပေါ် အကူအညီတွေပေးဖို့ အချိန်တိုင်းဆောင်ရွက်နေပြီး ရခိုင်ပြည်နယ်မှာ မကြာခင်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဒဏ် ခံရသူတွေအားလုံးကို အကူအညီတွေပေးခြင်းဖြင့် မိမိတို့ရဲ့လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့လည်း ရှင်းလင်းချက်မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။