ဆန္ဒပြဆရာတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းယူ
2019.05.28
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေထဲက ၂၁ ဦးကို တိုင်းပညာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်ပညာရေးဦးစီးဌာန တောင်းသွားတယ်လို့ မူလတန်းကျောင်းအုပ်ဆရာ ဦးရဲဝင်းနိုင် က RFA ကိုပြောပါတယ်။
မေလ ၂၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ ကျောင်းဆရာ၊ ဆရာမတွေဟာ ပစ်စာတိုင်ကြား သူ လိပ်စာမပါရင် ဌာနဆိုင်ရာ အရေးမယူဖို့၊ ပစ်စာတိုင်ကြားသူကို သက်သေအဖြစ် ထည့်သွင်းစစ်ပေးဖို့၊ မဟုတ် မမှန် တိုင်ကြားသူတွေကို ဌာနက တရားစွဲဆိုပေးဖို့၊ အစိုးရဘဏ္ဍာငွေ မလောက်လုံပါက ပညာရေးလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်းထားဖိုနဲ့ ပင်စင်စားထောက်ပံ့ကြေးကောက်ခံမှုကို ဌာနဆိုင်ရာက အရေးယူမှုမပြုဖို့ စတဲ့အချက်တွေ ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ကျောင်းဆရာ၊ ဆရာမတွေ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး မြို့နယ်ပညာရေးဦးစီးဌာနက ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းသွားပေမယ့် အခြေခံပညာဦးစီးဌာနအနေနဲ့ကတော့ ဒီမိုကရေစီစနစ်အရ မကျေနပ်ချက်တွေကို ဆန္ဒပြခွင့်ရှိတဲ့အတွက် အရေးယူဖို့ မရှိကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မေလ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။
ကိုယ်ရေးအချက်အလက် တောင်းယူတာနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့အတွက် တောင်းခံဟုတ်၊ မဟုတ်ကို မသိရသေး ဘူးလို့ ပြောပါတယ်။ ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ မွမ်းမံသင်တန်း တက်ချိန်တွေမှာ ငွေကြေးအချို့ စိုက်ထုတ်ပြီး သင်တန်းတက်ရောက်ရတဲ့ အခြေအနေတွေရှိတဲ့အတွက် အစိုးရဘဏ္ဍာငွေ မလုံလောက်ရင် ပညာရေးလုပ်ငန်းတွေ ဆက်မလုပ်ဖို့အချက်ကို ထည့်သွင်းရတာဖြစ်ကြောင်း၊ ဒါ့အပြင် သက်ပြည့်ပင်စင် ယူခါနီးအချိန်မှာ ပစ်စာတိုင်ကြားမှုတွေကြောင့် အရေးယူခံရတာတွေနဲ့ ကြုံတွေနေရကြောင်း ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။