7 July နေ့ အထိမ်းအမှတ်မှာ တရားစွဲခံရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ စစ်ကိုင်းမှာ ဆန္ဒပြ


2019.08.05
students-protest-sagaing-622.jpg 7 July နေ့ အထိမ်းအမှတ်မှာ တရားစွဲခံရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ စစ်ကိုင်းမြို့မှာ ၂၀၁၉၊ သြဂုတ် ၅ ရက်နေ့က ဆန္ဒထုတ်ဖော်ကြစဉ်
ဓါတ်ပုံ - ခေမဏီဝင်း/ RFA

ဆဲဗင်းဇူလိုင်အထိမ်းအမှတ်နဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အဦး ဟောင်းနေရာအထိ လမ်းလျှောက်ချီတက်ခဲ့ကြတဲ့ ရန်ကုန်က ကျောင်းသားတွေကို တရားစွဲ အရေးယူထားတာ လွှတ်ပေးဖို့ စစ်ကိုင်းမြို့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်မြို့ လှည်းတန်း ဆင်ရေတွင်းကနေ ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်းရှေ့အထိ လမ်းလျှောက်ချီတက်အလေးပြုခဲ့ကြပါတယ်။

အဲဒီအထဲမှာ ဒဂုံတက္ကသိုလ်က ကျောင်းသား ကိုမင်းဟန်ထက်၊ ကိုဇေမင်းဖြိုး၊ အနုပညာနဲ့ ယဉ်ကျေးမှု တက္ကသိုလ်က ကိုဝေယံဖြိုး၊ ကိုသူရလင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကိုစိုင်းသုဝဏ်၊ ကိုမင်းသွေးသစ်၊ အနောက်ပိုင်းတက္ကသိုလ်က မအိသိရီကျော် နဲ့ ဗကသကျောင်းသားဟောင်း ဖြစ်တဲ့ ကိုခန့်မင်းထက် တို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ လှိုင်နဲ့ ကမာရွတ်မြို့နယ်တရားရုံးတွေမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

မတရားတဲ့ ဥပဒေတွေနဲ့ တရားစွဲထားတာဖြစ်လို့ အခုလို ဆန္ဒပြတောင်းဆိုရတာလို့ စစ်ကိုင်း ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ကိုသာယာထွေးက ပြောပါတယ်။

"ဇူလိုင်လ ၇ ရက်နေ့က ကျောင်းပေါင်းစုံက သမဂ္ဂပေါင်းစုံကနေပြီးတော့ ချီတက်အလေးပြုကြတယ်။ ကျောင်းသား ခေါင်းဆောင်တွေကို တရားစွဲတယ်။ မတရားဘူးလို့ ယူဆတယ်"

ကျောင်းသားတွေအတွက် တရားမျှတမှု ရရှိလာဖို့ မျှော်လင့်ထားတယ်လို့လည်း မုံရွာပညာရေး ကောလိပ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုညီညီမင်းထက်ေ၀ က ပြောပါတယ်။

"အရင်နှစ်တွေကလည်း ဒီလိုပဲလုပ်တယ်။ တရားစွဲဆိုတာ မရှိခဲ့ဘူး၊ ဒီနှစ်မှ ဒီလိုဖြစ်တယ်၊ မကျေနပ်ဘူး"

အခုလို ဆန္ဒထုတ်ဖော်ရာကို စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနက တာဝန်ရှိသူတွေက လာရောက် တားမြစ်ခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက

"မေတ္တာရပ်ခံတာပါ၊ ဖြစ်နိုင်ရင် ငြိမ်းစုစီတင်ပါ၊ ဥပဒေနဲ့အညီ ခွင့်ပြုပေးပါမယ်"

ခွင့်ပြုချက်မတင်ဘဲ အခုလို ဆန္ဒဖော်ထုတ်ခဲ့တာနဲ့ပတ်သက်ပြီး ကိုသာယာထွေးက အခုလိုပြောပါ တယ်။

"ခွင့်ပြုချက်တင်မထားဘူး၊ ရလာမယ့် အကျိုးဆက်ကို ရင်ဆိုင်ဖို့ အသင့်ပါပဲ"

စစ်ကိုင်း ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း ပညာရေးကောလိပ်၊ မန္တလေး ပညာရေးကောလိပ်၊ လာရှိုး ပညာရေး ကောလိပ်၊ မုံရွာ ပညာရေးကောလိပ်၊ ဘားအံ ပညာရေးကောလိပ်တို့က ကျောင်းသား ၃၀ ခန့်ပါ ဝင်ပြီး စစ်ကိုင်းမြို့တွင်းကို လှည့်လည်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်မှာ တရားစွဲဆိုခံထားရသူ ရှစ်ဦးထဲမှာ ကိုမင်းသွေးသစ်၊ ကိုစိုင်းသူဝင်း၊ မအိသီရိကျော်နဲ့ ကိုခန့်မင်းထက် တို့အပါအဝင် ခြောက်ဦးကတော့ ကိုယ်ပိုင်ခံဝန် ကျပ်ငွေသိန်းငါးဆယ်စီနဲ့ အာမခံယူခဲ့ ပါတယ်။ အာမခံမယူဘူးလို့ ငြင်းဆန်ထားတဲ့ ကိုမင်းဟန်ထက်နဲ့ ကိုဇင်မင်းဖြိုး နှစ်ဦးကို ဖမ်းဆီးထား တယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။