ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ
2019.02.11

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို လူအင်အား တစ်ထောင်ကျော်နဲ့ မန္တလေးမြို့၊ မနော်ရမ္မံကွင်းမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
ဖဲ့ွစည်းပုံအခြေခံဥပပြေင်ဆင်ရေးကို ပြည်သူလူထုက မျှော်လင့်နေတာဖြစ်ကြောင်း၊ လက်ရှိ အစိုးရသက်တမ်းအတွင်း ပြင်ဆင်ရေး ပြီးမြောက်ဖို့ မမျှော်လင့်ထားကြောင်း ပါဝင်ခဲ့သူတွေက ပြောကြပါတယ်။
ထောက်ခံပွဲကို မန္တလေးမြို့ခံတွေ၊ ကဗျာဆရာတွေ ပါဝင်ခဲ့ကြသလို စိန်ဒူးဝါး ဆိုင်းအဖွဲ့က ဖျော်ဖြေခဲ့ပါတယ်။
အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်သူတွေမျှော်လင့်နေတာ ကြာပြီလို့ လူထုထောက်ခံပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ဆိုင်းဆရာ စိန်ဒူးဝါးကပြောပါတယ်။
"ပြည်သူတင်တဲ့ အစိုးရ အဓိက တက်လာကတည်းက အခြေခံဥပဒေပြင်ဆင်ပါမယ်ဆိုပြီး တတ်လာခဲ့တာ။ ဒါကိုရောက်အောင် တစ်ဖြေးဖြေးချင်း လှမ်းခဲ့ရတယ်။ ဒီကနေ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ရာအတွက် ပေါ်ပေါက်လာတဲ့အခါမှာ ပြည်သူတွေအနေနဲ့ အတိုင်းထက်အလွန် ဝမ်းသာမိတယ်"
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံတဲ့အကြောင်း ဆရာတော် ဦးသောဘိတ က အခုလိုမိန့်ကြားပါတယ်။
"နိုင်ငံသားတိုင်းက သမ္မတ ဖြစ်ခွင့်မရှိဘူးဆိုတဲ့ အခြေခံသဘောလေးတော့ ပြောချင်တယ်။ တပ်ထွက်တွေသာ သမ္မတ ဖြစ်စေနိုင်တဲ့ဟာမျိုးတွေ၊ ရှေ့နောက်မညီတာတွေရှိတယ်။ ပညာရှင်တွေ ပိုပြီးတော့နားလည်တယ်။ နောက်တစ်ခုက ပြည်ထဲရေးက လူထုရွေးချယ်ထားတဲ့ အစိုးရရဲ့ လက်အောက်မှာ ရှိစေချင်တယ်။ ဒါမှသာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးက ကောင်းမွန်လာမှာ"
အခြေခံဥပဒေပြင်ဆင်ရေးကို လက်ရှိ NLD အစိုးရသက်တမ်းအတွင်း ပြီးစီးနိုင်ဖို့ မမျှော်လင့်ထားကြောင်းလည်း ပြောကြပါတယ်။
"ပြည်သူတစ်ယောက်အနေနဲ့ လုပ်သင့်တယ်ထင်လို့ ဒီမှာ ပူးပေါင်းပါဝင်တာပါ။ အထက်မှာလည်း ဘာမှထုတ်ပြန်ကြေငြာတာမျိုး မရှိသေးဘူး။ ဘယ်အချက်လို့မပြောနိုင်ပေမယ့် လုပ်သင့်လုပ်ထိုက်တယ် ထင်လို့ ပါဝင်ကြတာပါ"
မန္တလေးမြို့က ဒေါ်ခင်မိုးမိုးဦး ပြောသွားတာပါ။
အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲနဲ့ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီဖွဲ့စည်းမှု ချီတက်ထောက်ခံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။