ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သူတွေကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ ပြန်လည်ဆောင်ရွက်နေတဲ့အပေါ် သပိတ်စခန်းဖွင့် ကန့်ကွက်နေသူတွေကို ရဲတပ်ဖွဲ့က ဒီနေ့မနက်က ဖမ်းဆီးလိုက်ပြီး ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ လွိုင်ကော် မြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
ဒီနေ့ညနေပိုင်းမှာ တစ်ယောက်ကို ငွေကျပ် ၁၀ သိန်းစီနဲ့ တရားရုံးက အာမခံရကြောင်း ဖမ်းဆီးအမှုဖွင့်ခံရ သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုဒီးဒီ က RFA ကို ပြောပါတယ်။
လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ ပြန်လည်ဆောင်ရွက်လာတာကြောင့် ကရင်နီလူငယ် အယောက် ၂၀ လောက်က ကန္တာဟေဝန်ပန်းခြံနားမှာ မနေ့ညကစပြီး သပိတ်စခန်းဖွင့်ကန့်ကွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီရုပ်ထုထားရှိမယ့်ကိစ္စကို ပြည်နယ်အစိုးရက စတင်စီစဉ်ခဲ့ချိန်က လွိုင်ကော်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် လူငယ် ၁၂ ယောက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရသလို လူငယ် ၈ ယောက်ဟာလည်း ကရင်နီ သမိုင်းကြောင်း စာတွေဖြန့်ဝေခဲ့တာကြောင့်ဆိုပြီး လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူဆို၊ ဖားဆောင်းနဲ့ ဘောလခဲမြို့နယ်တွေ မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ) တွေနဲ့ တရားစွဲဆိုခံထားရပါတယ်။
ဒီနေ့ တရားစွဲခံလိုက်ရတဲ့ အယောက် ၂၀ ထဲကတချို့ဟာ အရင်စွဲဆိုထားတဲ့အမှုတွေနဲ့ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။