ရန်ကုန်မှာ အသက်မပြည့်သေးတဲ့ ဆန္ဒပြသူ မိန်းကလေး နှစ်ဦး အပါအဝင် ခုနစ်ဦး ဖမ်းခံရ

မတ်လ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်အတွင်း ရန်ကုန်တိုင်း ဗိုလ်တထောင်နဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်က အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် နှစ်ဦးအပါအဝင် ဆန္ဒပြ ကျောင်းသားလူငယ် ခုနစ်ဦး အဖမ်းခံလိုက်ရတယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။
မတ်လ ၁၃ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မိန်းကလေး သုံးဦးနဲ့ မတ်လ ၁၂ ရက်နေ့က ဗိုလ်တထောင်မြို့နယ်မှာ လေးဦး၊ စုစုပေါင်း ခုနစ်ဦး အဖမ်းခံလိုက်ရတာပါ။
မတ်လ ၁၃ ရက်နေ့ဟာ ၁၉၈၈ အရေးတော်ပုံ စတင်ခဲ့တဲ့ ကျောင်းသားလူငယ် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးခြင်း ၃၄ နှစ်ပြည့်တဲ့နေ့ ဖြစ်တာကြောင့် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ ဂုဏ်ရည်လမ်းမှာ ကျောင်းသားလူငယ် ၃၀ လောက် ဆန္ဒပြကြတာကို ရဲနဲ့ စစ်သားတွေ ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးတာကြောင့် အမျိုးသမီးငယ် သုံးဦး အဖမ်းခံရပြီး နောက်ထပ် ကျောင်းသား ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မိန်းကလေးတွေ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့အကြောင်း ကိုယ်တိုင်ဆန္ဒပြခဲ့သူ လူငယ်တစ်ဦးက ရှင်းပြပါတယ်။
"ကျနော်တို့ကကျတော့ မန္တလေးလမ်းမကနေ တက်ပြီးတော့ ဒေါ်သိန်းတင်လမ်းဘက် ပြေးထွက် သွားတာဗျ၊ သူတို့တွေကျတော့ တခြားဟိုဘက်ခြမ်းကို ပြေးထွက်သွားတာ။ လမ်းချင်းကွဲသွား ကြတာပေါ့၊ အဖမ်းခံရတဲ့ ကလေးတွေက သူတို့လမ်းထဲ ပြေးဝင်သွားတာ၊ အဲလမ်းထဲမှာက စစ်သားတွေက အရပ်ဝတ်တွေနဲ့ ကြိုစောင့်နေတာ၊ အိမ်စီးကားတွေနဲ့ သူတို့ပြေးတဲ့လမ်းမှာ တည့်တည့်တိုးသွားတာ၊ တည့်တည့်တိုးသွားပြီးတော့ ဟိုကောင်တွေက ကလေးတွေပြေးလာ တဲ့အချိန်နဲ့ အိမ်စီးကားပေါ်က ဆင်းလာပြီးတော့ မင်းတို့မပြေးနဲ့ ဖမ်းဖမ်းဆိုပြီး အကုန်လုံးကို လိုက်ဖမ်းတာ၊ အဖမ်းခံရတဲ့ ကောင်မလေး သုံးယောက်မှာ တစ်ယောက်က ရှေ့သွား လေးချောင်း ကျိုးသွားတယ်၊ နောက်ထပ် တစ်ယောက်ကတော့ သူတို့ ဝိုင်းရိုက်တာ နံရိုးယောင်သွားတယ်၊ မနက်သုံးနာရီမှ နိုးလာတယ်တဲ့ အဲအတိုင်း သတင်းတော့ ကြားထားတယ်"
မနေ့က အဖမ်းခံလိုက်ရတဲ့ အမျိုးသမီး သုံးဦးမှာ နှစ်ဦးက အသက် ၁၃ နှစ်နဲ့ ၁၆ နှစ်အရွယ်သာ ရှိသေးပြီး သူတို့ရဲ့ အမည်အတိအကျကို စုံစမ်းနေဆဲဖြစ်ပါတယ်။ အဲဒီ သုံးဦးအနက် ဒဏ်ရာရသူ တွေက ဘယ်သူတွေလဲဆိုတာကို မသိရသေးပါဘူး။ အဲဒီမိန်းကလေး သုံးယောက်ကို လောလောဆယ် မင်္ဂလာတောင်ညွန့်ရဲစခန်းမှာ ချုပ်နှောင်ခံနေရတယ်လို့ ဆိုပါတယ်။
လူငယ်တွေဟာ "သွေးကြွေးတွေ မျိုးဆက် ထပ်မကူးစေနဲ့" ဆိုတဲ့ နဖူးစည်းစာတန်းတွေကို ကိုင်ဆောင်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းတစ်လျှောက် ဆန္ဒပြနေစဥ် ရိုက်နှက်အဖမ်းခံခဲ့ရတာပါ။
မနေ့က ဆန္ဒပြပွဲမှာ သူကိုယ်တိုင် သံတုတ်နဲ့ အရိုက်ခံရသလို မိန်းကလေးငယ် သုံးဦးလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရပုံကို အဖမ်းမခံရဘဲ လွတ်မြောက်လာတဲ့ ကျောင်းသားလူငယ်တစ်ဦးက ပြန်ပြောပြပါတယ်။
"ကားပေါ်မှာ လက်နက်အင်အားတွေပါတယ်၊ ဒါပေမဲ့ ကျနော်တို့ကို လက်နက်တွေထုတ်ပြီး ဖမ်းတာ မဟုတ်ဘူး၊ ကျနော်တို့ကို သုံးဆစ်တုတ်တွေ၊ သံတုတ်တွေနဲ့ ဝင်ဖမ်းတယ်။ ကျနော်တို့က ပြန်ဖို့လုပ်နေတဲ့အချိန် အမှောင်ထဲကနေ ဒီကောင်တွေ ထွက်လာပြီးတော့ ကျနော်တို့ကို ဖမ်း ဖမ်းဆိုပြီး ဝင်ရိုက်တာ၊ ပထမဆုံး ကျနော် အရင်စပြီးတော့ သံတုတ်နဲ့ ရိုက်ခံရတယ်၊ ပြန်လှည့် အပြေးမှာ ကျနော့်သူငယ်ချင်းတစ်ယောက်ကို သူတို့ ဖမ်းထားလိုက်ပြီ၊ အဲအချိန်မှာ သူ့ကိုတွန်းပြီး တော့ ကယ်ထုတ်ခဲ့တယ်၊ ကျနော်လည်း သူငယ်ချင်းအနောက်က ပြေးလိုက်သွားခဲ့တယ်၊ အဲဒီအချိန်မှာ ကျနော့်ကို သံတုတ်နဲ့ အနောက်က လှမ်းပစ်လို့ နောက်တစ်ချက် ထပ်ထိတယ်။ အဲဒီအချိန်မှာ မပြေးနိုင်တဲ့ မိန်းကလေး သုံးယောက်ကတော့ ဆံပင်တွေ ဆောင့်ဆွဲပြီးတော့ ရိုက်နှက်ပြီးတော့ ကားပေါ်ဆွဲတင်သွားတယ်"
သူဟာ မနေ့က လွတ်မြောက်လာခဲ့ပေမယ့် ရဲနဲ့ စစ်သားတွေရဲ့ ရိုက်နှက်မှုကြောင့် ဦးခေါင်း၊ လက်မောင်းနဲ့ ကျောမှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၁၂ ရက်နေ့ကတော့ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းမှာ နေထိုင်တဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုကျော်ထက်အောင်၊ ကိုမင်းခန့်ကျော်၊ ကိုအောင်သက်မိုးနဲ့ မမိုးမဥ္ဇူ တို့ကတော့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်မှာပဲ ဝင်ရောက်စီးနင်း အဖမ်းခံလိုက်ရတာပါ။
"အိမ်စီးကားပေါ်က ဆင်းလာပြီးတော့ မင်းတို့မပြေးနဲ့ ဖမ်း ဖမ်းဆိုပြီး အကုန်လုံးကို လိုက်ဖမ်းတာ"
မတ်လ ၁၂ ရက်နေ့က ဖမ်းမိသူ လေးဦးနဲ့အတူ ဖောက်ခွဲရေးပစ္စည်းတချို့ပါ ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က မတ်လ ၁၃ ရက်နေ့မှာ ချက်ချင်း သတင်းထုတ်ပြန်လာတာကြောင့် သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိတယ်လို့ အဖမ်းခံရတဲ့ ကိုကျော်ထက်အောင်ရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။
“အဖမ်းခံရတဲ့ ညကပေါ့။ သိမ်ဖြူလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ ဗုံးကွဲတယ်။ မကြာဘူး။ စစ်ကောင်စီတပ်တွေ ရောက်လာတယ်။ သူတို့အခန်းကို တိုက်ရိုက်တက်သွားတယ်။ မျက်နှာကို အဝတ်နဲ့စည်းပြီး ကြိုးတုပ်ပြီး ခေါ်သွားတယ်လို့ သိရပါတယ်။ သူတို့တွေက အသက် ၂၅ ဝန်းကျင် လူငယ်တွေပေါ့။ ပစ္စည်းလိုက်လံပို့ပေးတဲ့သူတွေပါ။ ဒီနောက်ပိုင်းမှာ ဈေးရောင်းဖို့ လုပ်နေတယ်လို့ ကြားရတယ်။ စွပ်စွဲပြီး ဖမ်းသွားတာပဲဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက ဒါမျိုးတွေ လုပ်နေကျပဲ။ အမြဲတမ်း လိမ်ညာနေကျပဲဆိုတော့လေ။
အဖမ်းခံရသူ လေးဦးအနက် အသက် ၂၅ နှစ်အရွယ် ကိုကျော်ထက်အောင်နဲ့ ကိုသက်အောင်မိုး တို့က ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ကိုမင်းခန့်ကျော် က ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ရူပဗေဒ နောက်ဆုံးနှစ်နဲ့ မမိုးမဥ္ဇူ က မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသူဟောင်း ဖြစ်ပါတယ်။
ဖမ်းဆီးခံရချိန်မှာ ကိုကျော်ထက်အောင် အပါအဝင် လေးယောက်လုံး ရိုက်နှက်ခံခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
ရန်ကုန်က အဖမ်းခံရတဲ့ လူငယ်ခုနစ်ဦးမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် နှစ်ဦး ပါဝင် နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မြန်မာစံတော်ချိန် ဒီကနေ့ ညနေ ၄ နာရီအထိ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်တပ်က အာဏာသိမ်းထားတာ တစ်နှစ်ကျော်တဲ့အထိ မြို့ပြသပိတ်တွေ ဆင်နွှဲနေတဲ့ လူငယ်တွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဖမ်းဆီးနေပေမယ့် ဆန့်ကျင်ဆန္ဒပြမှုတွေက ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
"ရှေ့ရက်ပိုင်းမှာလည်း အဖမ်းဆီးတွေ ဆက်တိုက်ရှိတော့ ရဲဘော်တွေ တော်တော်ဖမ်းခံရတယ်၊ ကျိန်းသေတာတစ်ခုက ကျနော်တို့ဟာ ဝမ်းနည်းတယ် စိတ်မကောင်းဘူး ဒါလူသားတစ်ယောက် အနေနဲ့ ခံစားရတဲ့ကိစ္စပါ၊ ဒါပေမဲ့ အဲဒီခံစားရမှုဟာ ကျနော်တို့အတွက် လောင်စာဖြစ်ရမယ်၊ ကျနော်တို့ခရီး ရှေ့ဆက်နိုင်ဖို့အတွက်၊ ကျိန်းသေတယ် ရှေ့လျှောက်လည်း ဒီထက်ပိုပြီး အဖမ်းအဆီး၊ အကျပ်အတည်း၊ အခက်အခဲတွေ ကြုံလာလိမ့်မယ်၊ အဲဒီကြုံလာတဲ့အပေါ်မှာ အမှန်တရားကို မြတ်နိုးတဲ့စိတ်၊ တန်းတူညီမျှရေးကို တန်ဖိုးထားတဲ့စိတ် ဒီစိတ်တွေနဲ့ပဲ ရှေ့ဆက်ရလိမ့်မယ်၊ ကျနော်တို့ ရဲ့ နောက်မျိုးဆက်ကို ဒီအမွေတွေ မပေးခဲ့ချင်ဘူး"
စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း သေဆုံးသူ ၁,၆၅၂ ဦးနဲ့ ဖမ်းဆီးခံ ထားရသူ ၁၂,၆၁၇ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။