စစ်အာဏာသိမ်း ဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်
စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို တန်ပြန်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ ရန်ကုန်မြို့တွင်းမှာရှိနေပါတယ်။
စစ်တပ်ထောက်ခံသူတွေဟာ ဒီကနေ့ ဆူးလေဘုရားလမ်းပေါ်မှာ စစ်အစိုးရကို ထောက်ခံတဲ့သီချင်းတွေဖွင့်ပြီး ကား (၁၅) စီးလောက်နဲ့ လှည့်ပတ်နေကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေကြား ဒီကနေ့ နေ့လယ်ပိုင်းက ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။
"စစ်တပ်ထောက်ခံသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ ကျနော်တို့တွေကို ပြဿနာရှာပြီး ကားထဲကနေ တုတ်၊ ဓား၊ လက်နက်တွေ ကိုင်ဆောင်ပြီး ရန်မူဖို့ ကြိုးစားကြတာ" လို့ ဆူးလေဘုရားအနီး ဆန္ဒပြနေသူတဦးက ပြောပါတယ်။
စစ်တပ်ထောက်ခံသူတွေဟာ ဆူပူအကြမ်းဖက်မှုများကို ရှုတ်ချကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများကို ထပ်မလုပ်ဖို့ ကြွေးကြော်သံတွေနဲ့ တန်ပြန်ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ဒီကနေ့ တပ်ထောက်ခံသူတွေ စီးနင်းလာတဲ့ကားတွေမှာ နံပါတ်ပြားတွေ ဖုံးအုပ်ထားတာ တွေ့ရပါတယ်။