အာဏာသိမ်းစစ်အစိုးရကို မြို့နယ်အနှံ့ ဆက်လက်ဆန္ဒပြကြ

ကိုဂျေ(ဝါရှင်တန်ဒီစီ)
2021.02.07

မြန်မာနိုင်ငံက မြို့ကြီးတွေမှာ အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက် ဖြစ်ပေါ်နေပါတယ်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ တောင်ကြီး၊ ပုသိမ်၊ မော်လမြိုင်လို မြို့ကြီးတွေမှာ လူအင်အား ထောင်ပေါင်းများစွာက လမ်းမတွေပေါ်မှာ ဆန္ဒပြ တောင်းဆိုတာတွေ လုပ်လာပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ ဆန္ဒပြပွဲတွေထဲမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တာတွေ ဖြစ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးတာ၊ နံပါတ်တုတ်တွေနဲ့ ရိုက်တာအပြင် သေနတ်နဲ့ ခြောက်လှန့် လူစုခွဲတာတွေပါ လုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေ ပဋိပက္ခဖြစ်နေတဲ့ အချိန်မှာပဲ DKBA တပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ကားတွေ ရောက်လာတဲ့အတွက် မြဝတီမြို့ခံတွေက DKBA တပ်ဖွဲ့ဝင်တွေကို အော်ဟစ်အားပေးခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့… ဖမ်းဆီးထားသူ ခြောက်ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာတော့ ဆန္ဒပြသူတွေက မော်တော်ဆိုင်ကယ်တွေ ကားတွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြတာကို တွေ့ရပါတယ်၊ ဆန္ဒပြသူတွေက ဝန်ထမ်းတွေကို ပူးပေါင်းပါဝင်ကြဖို့.. စစ်အစိုးရအလိုမရှိ၊ ဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ပါတယ်။

ရန်ကုန်မြို့ကြီးမှာတော့ မနေ့က ဆန္ဒပြလမ်းလျှောက်သူတွေကြားထဲမှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပါဝင်လာခဲ့ပြီး ဆန္ဒပြသူတွေကို စည်းကမ်းရှိကြဖို့ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ လှည်းတန်းမှာ စတင်စုဝေးခဲ့ပြီး ဆန္ဒပြစစ်ကြောင်းတွေ ခွဲထွက်ကာ ရန်ကုန် မြို့တော်ခန်းမရှေ့အထိ ချီတက်ဟောပြောခဲ့ကြပါတယ်။ မန္တလေး မြို့ပေါ်မှာလည်း လူထောင်ပေါင်းများစွာဟာ လမ်းမတွေပေါ်ကို ထွက်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဖဲကြိုးနီ လှုပ်ရှားမှု ၊ စစ်အာဏာရှင်ရဲ့ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူ့ဝန်ထမ်းတွေ ပါဝင်လာဖို့ နိုးဆော်ခဲ့ကြသလို ‌နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့မှာလည်း ဖေဖော်ဝါရီ ၇ ရက်နေ့က စပြီး လူထောင်ပေါင်းများစွာ ပါဝင်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲကိုတော့ ဗကသ (ကလေးတက္ကသိုလ်) ကျောင်းသူကျောင်းသားတွေနဲ့ ကလေးကျေးတောင်ညိုစာပေအဖွဲ့က ဦးဆောင်ခဲ့ကြတာပါ။ ဆန္ဒပြသူတွေက ဒီမိုကရေစီရရှိရေး ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာရှင် အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-07 21:40

Important : High
We like to request to RFA to announce the news in time current condition of strike
Thanks and appreciate