အကျဉ်းသား ၈၅၄၁ ဦးကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး
2018.04.17

နိုင်ငံရေးအကျဉ်းသား ၃၆ ဦးအပါအဝင် အကျဉ်းသူ အကျဉ်းသား ၈၅၄၁ ဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ အကျဉ်းသား ၈၅၀၀ ကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ သမ္မတ လက်မှတ်ထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) နဲ့ လွတ်မြောက်ထားသူတွေအပေါ် သူတို့ရဲ့ လူမှုအခွင့်အရေးတွေကို ငဲ့ညှာတဲ့အနေနဲ့ ပြစ်မှုကြွေးကျန်တွေ ပယ်ဖျက်လိုက်တယ်လို့လည်း ကြေညာချက် သီးခြားထုတ်ပြန်ခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ အင်းစိန်၊ သာယာဝတီ၊ အိုးဘို၊ လားရှိုး၊ ရွှေဘို၊ တောင်ငူ၊ သရက်၊ ပုသိမ် စတဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသူ အကျဉ်းသားတွေ ပါဝင်ပါတယ်။
ရန်ကုန် အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၂၀၀ ခန့် လွှတ်မယ်လို့ သတင်းတွေ ထွက်နေပြီး ညနေအထိ လွတ်မြောက်လာသူ ၁၄၀ ကျော်ရှိပါတယ်။ အဲဒီထဲမှာ တပ်မတော်က တရားစွဲဆိုထားတာကြောင့် အမှုရင်ဆိုင်နေ ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး တို့ ပါဝင်ခြင်း မရှိသေးပါဘူး။ သူတို့တွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက တပ်မတော်က တရားစွဲဆို ထားတဲ့အမှုတွေ ဖြစ်တာကြောင့် သမ္မတအမိန့်နဲ့ လွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ သူတို့တွေမပါနိုင်ဘူးလို့ ဆိုပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အမှုရင်ဆိုင်နေရပြီး ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂နှစ်၊ တရားရုံးမထီမဲ့မြင်မှုနဲ့ ထောင်ဒဏ် ၆လ ကျခံနေရသလို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။
အင်းစိန်ထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာ မတရားအသင်း ဆက်သွယ်မှု၊ ဖောက်ခွဲမှု၊ တပ်ပြေးမှုတွေ နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ ပါဝင်ပါတယ်။
သာယာဝတီထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာတော့ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ သေဏ်ချမှတ်ခံထားရတဲ့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် ပါဝင်သလို ABSDF အဖွဲ့ဝင် ဦးမြင့်စိုး ခေါ် သံချောင်းနဲ့ ရှမ်းပြည် တပ်မတော်က ဦးကျော်လှိုင် လည်း ပါဝင်ပါတယ်။ လားရှိုးထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ ထောင်ကျနေတဲ့ မုံးကိုးမြို့က သင်းအုပ်ဆရာနှစ်ဦးလည်း ပါဝင်ပါတယ်။
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ တပ်မတော်အက်ဥပဒေနဲ့ ပြစ်ဒဏ်ကျနေသူ ၁၈၈၀၊ အသက် ၈၀ နှစ်နဲ့အထက် ၂၇ ဦး၊ အသက် ၇၅ ကနေ ၈၀ ကြား ၂၉ ဦး၊ ကျန်းမာရေးမကောင်းသူ ၁၄ ဦး ပါဝင်သလို မူးယစ်ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၆ထောင်ကျော် ပါဝင်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ပါဝင်တဲ့အပြင် လွတ်မြောက်ပြီးသားဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ပြစ်မှုကြွေးကျန်တွေ ပယ်ဖျက်ပေးလိုက်တဲ့အပေါ် နိုင်ငံရေးသမားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူတွေက ကြိုဆိုကြပါတယ်။
အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ဒါ ဒုတိယအကြိမ်ဖြစ်ပြီး အကျဉ်းသား အရေအတွက် အများဆုံးပေးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလက နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦးနဲ့ ပြည်တွင်း အကျဉ်းသူ အကျဉ်းသား ၁၈၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။